
ဘင်္ဂလားဒေ့ရှ်၏ အာဏာရ အာဝါမီ(Awami) အဖွဲ့ချုပ်ပါတီသည် ရွေးကောက်ပွဲတွင် ပါလီမန်အမတ်နေရာ လေးပုံသုံးပုံကို အနိုင်ရရှိခဲ့ကာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ပစ္စမမြောက် ရာထူးသက်တမ်းအတွက် ထပ်မံအနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အတိုက်အခံများကမူ ဇန်နဝါရီ ၇ ရက် အထွေထွေရွေးကောက်ပွဲသည် အတုအယောင် ဖြစ်သည်ဟုဆိုကာ သပိတ်မှောက်ခဲ့သည်။
လူဦးရေ သန်း ၁၇၀ ခန့် နေထိုင်သည့် တောင်အာရှနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီ ၇ ရက်က အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး ၎င်းရွေးကောက်ပွဲတွင် လာရောက်မဲပေးသူဦးရေမှာ ၄၀ ရာခိုင်နှုန်း ခန့်သာရှိကြောင်း ကနဦး သတင်းဖော်ပြချက်များအရ သိရသည်။
လွှတ်တော်အမတ်များကို တိုက်ရိုက်ရွေးကောက်တင်မြှောက်မည့် ရွေးကောက်ပွဲများကို လွှတ်တော်မဲဆန္ဒနယ် ၃၀၀ တွင် ကျင်းပခဲ့သည်။
“ရွေးကောက်ပွဲမှာ အာဝါမီအဖွဲ့ချုပ်ပါတီ အနိုင်ရပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင်၏ တွဲဖက်အတွင်းရေးမှူး မိုနီရူဇာမန် တာလူဒါက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဟာဆီနာ၏ပါတီသည် လွှတ်တော်တွင် အမတ်နေရာ ၂၂၃ နေရာ အနိုင်ရခဲ့သော်လည်း မဟာမိတ်ပါတီများအပါအဝင် အခြားလွှတ်တော်အမတ်များ၏ ထောက်ခံမှုကိုရရှိခဲ့ခြင်းကြောင့် ဟာဆီနာ အနေဖြင့် အမတ်နေရာ ၃၀၀ ရှိသည့် လွှတ်တော်တွင် အမှန်တကယ် ထိန်းချုပ်နိုင်သည့် အရေအတွက်မှာ ထို့ထက်ပိုများနေသည်ဟု အကဲခတ်များက ဆိုသည်။
“ဒါဟာ တစ်ပါတီ ပါလီမန်စနစ်ဖြစ်နေပြီး အာဝါမီအဖွဲ့ချုပ်ရဲ့ မဟာမိတ်တွေပဲ ပါဝင်ခွင့်ရခဲ့တာဖြစ်တယ်”ဟု အီလီနွိုက်စ် တက္ကသိုလ်မှ အလီရီယာ့ဇ်က AFP သတင်းဌာနကို ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်များက ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီသည် နိုင်ငံတစ်ဝန်းဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ ကာလအတွက် ဘက်မလိုက်သော အိမ်စောင့်အစိုးရတစ်ရပ်ဖွဲ့စည်းရေးအတွက် တောင်း ဆိုခဲ့ခြင်းကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အဓိကရုဏ်းအခြေအနေများ ဖြစ်ပွားခဲ့သည်။ သို့ဖြစ်ရာ တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်စေရမည်ဟု ကတိပြုထားသော်လည်း ၎င်း၏မဟာပြိုင်ဘက်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ(BNP)ကမူ အစိုးရအပေါ် အယုံအကြည်မရှိဟုဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။
ဟာဆီနာသည် တစ်ချိန်က ဆင်းရဲချွတ်ခြုံကျခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးကို တစ်ဟုန်ထိုး တိုးတက်လာအောင် ကြီးကြပ်စီမံခဲ့သော်လည်း ၎င်း၏အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ကာ အတိုက်အခံများအပေါ် အညှာအတာမဲ့စွာ ဖြိုခွင်းခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။
အတိုက်အခံ BNP ပါတီက အထွေထွေသပိတ်ပြုလုပ်ရန် ဆော်သြတိုက်တွန်းခဲ့ပြီး အတုအယောင် ရွေးကောက်ပွဲဟုဆိုကာ ဒါဇင်နှင့်ချီသည့် အခြားပါတီများနှင့်အတူ ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။ BNP ပါတီ၏ ထိပ်ပိုင်းတာဝန်ရှိသူများ အပါအဝင်ပါတီဝင်အများအပြား ဖမ်းဆီးခံရခြင်းကြောင့် ၎င်းပါတီသည် အင်အားချည့်နဲ့နေသည်။
၇၆ နှစ်အရွယ် ဟာဆီနာက BNP ကို အကြမ်းဖက်အဖွဲ့အစည်းဟု အမည်တပ်ခဲ့ပြီး ဒီမိုကရေစီဖြစ်စဉ်အပေါ် ယုံကြည်ရန် ပြည်သူများကို တိုက်တွန်းထားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်