Top News

အိုက်စလန်နိုင်ငံ၌ သုံးနှစ်နီးပါးကာလအတွင်း ပဥ္စမအကြိမ်မြောက် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ဂရန်းဒါဗစ်ရွာမှ ဒေသခံများ အချိန်မီ ရွှေ့ပြောင်းခဲ့ရ
24htopnews | December 10, 2024 5:12 AM CST

ဒေသခံများကို နေရာပြောင်းပေးခဲ့ပြီးနောက် နာရီပိုင်းအတွင်း အိုက်စလန်တံငါရွာ ဂရင်းဒါဗစ်မြောက်ဘက်၌ ဇန်နဝါရီ ၁၄ ရက် နံနက်စောစောအချိန်တွင်မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။

ယခုမီးတောင်ပေါက်ကွဲမှုသည် သုံးနှစ်နီးပါးတွင် အိုက်စလန်၏ ပဥ္စမအကြိမ်မြောက် မီးတောင်ပေါက်ကွဲမှုဖြစ်သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် အိုက်စလန်မြို့တော် အနောက်တောင်ဘက်ရှိ ယင်းဒေသတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

မီးတောင်ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် စတင်ဖြစ်ပွားသည်ဟု အိုက်စလန်မိုးလေဝသရုံး(IMO)က ထုတ်ပြန်ခဲ့သည်။

မီးတောင်ပေါက်ကွဲမှုက လေကြောင်းခရီးများကို သက်ရောက်ခြင်းမရှိဟု အာဏာပိုင်များက ပြောကြားသည်။

နေထွက်ချိန်တွင် လိမ္မော်ရောင်တောက်တောက်ချော်ရည်များ မှုတ်ထုတ်နေပုံကို အိုက်စလန် မီဒီယာက တိုက်ရိုက်ထုတ်လွှင့် ပြသသောရုပ်ပုံများတွင် မြင်ရသည်။

“ဂရန်းဒါဗစ် မြောက်ပိုင်းတွင် စတင် ဖြစ်ပေါ်လာတဲ့ တမံရဲ့နှစ်ဘက်စလုံးမှာ အက်ကွဲကြောင်းပေါ်လာပါတယ်”ဟု အိုက်စလန်မိုးလေဝသရုံးက ဖော်ပြခဲ့သည်။

“အိုက်စလန်ကမ်းခြေစောင့်တပ် ရဟတ်ယာဉ်ရဲ့ တိုင်းတာမှုတွေအရ(ချော်ရည်ရဲ့)အဝန်းအဝိုင်းဟာ အခုချိန်မှာ ဂရန်းဒါဗစ် မြောက်ဖျားစွန်းမှာရှိတဲ့ အိမ်တွေနဲ့ မီတာ ၄၅၀ လောက်မှာရှိနေပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

မြေငလျင်လှုပ်ရှားမှုသည် ညအချိန်တွင် အင်အားပြင်းထန်လာကြောင်း၊ ဂရန်းဒါဗစ်၏ ကျန်နေသော မြို့ခံအချို့ကို နံနက် ၃ နာရီ ဝန်းကျင်တွေနေရာရွှေ့ပြောင်းပေးခဲ့ကြောင်း  အစိုးရရုပ်သံ RUV က သတင်းဖော်ပြခဲ့သည်။

ဂရန်းဒါဗစ်အောက်တွင်ရှိနေသော မြေအောက် ကျောက်ရည်ပူစီးကြောင်းသည် ပြောင်းလဲနေသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့ပြီးနောက်ဂရန်းဒါဗစ်၏ ဒေသခံ ၄,၀၀၀ ထဲက အများစုသည် ကြိုတင်ကာကွယ် သည့်အနေဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် ရွှေ့ပြောင်းခဲ့ကြသည်။

ဆက်တိုက်လှုပ်သည့် မြေငလျင်ငယ်များသည် ကားလမ်းများ၊အိမ်များ၊ အဆောက်အအုံများတွင် အက်ကွဲကြောင်းများကိုဖြစ်ပေါ်စေခဲ့သည်။ ငလျင်ငယ်များသည် တစ်ခါတစ်ရံ တစ်နေ့ကိုအကြိမ်ရေ ရာချီလှုပ်သည်ဟု သိရသည်။

ဒီဇင်ဘာ၁၈ ရက်တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မကြာမီမှာပင် ဒေသခံများကို နေရပ်သို့ အချိန်ခဏတာ ပြန်ခွင့်ပေးခဲ့သည်။

၎င်းတို့ကို ဒီဇင်ဘာ ၂၃ ရက်တွင် ၎င်းတို့၏နေအိမ်များအား အမြဲတမ်းတရားဝင် ပိုင်ဆိုင်ခွင့်ပြန်ပေးခဲ့သည်ဆိုသော်လည်း နယ်ခံအနည်းငယ်ကသာ နေအိမ်ပိုင်ဆိုင်ခွင့်ပြန်ရအောင် လုပ်ဆောင်ခဲ့သည်။

မြေငလျင်လှုပ်ရှားမှုများ ပိုမိုများပြားလာသောကြောင့် ဇန်နဝါရီ ၁၃ ရက် ညပိုင်းတွင် အာဏာပိုင်များက နယ်ခံများ ဇန်နဝါရီ ၁၅ ရက်တွင် အရေးပေါ်ပြောင်းရွှေ့မှုပြီးစီးရမည်ဟု ညွှန်ကြားခဲ့သည်။ ဂရန်းဒါဗစ်တွင် အက်ကြောင်းကြီးများပေါ်လာသည်ဟု သိရသည်။       

၂၀၂၂ ခုနှစ် သြဂုတ်နှင့် ဇူလိုင်၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတို့တွင် လောလောလတ်လတ်မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။                                 

Ref: AFP


READ NEXT
Cancel OK