Top News

မြောက်ကိုရီးယားက မတူကွဲပြားသည့် လက်နက်စနစ်နှစ်မျိုး စမ်းသပ်ခဲ့ကြောင်း အတည်ပြု
24htopnews | December 12, 2024 8:12 AM CST

 မြောက်ကိုရီးယားသည် ယခုသီတင်းပတ်အတွင်း မတူကွဲပြားသည့် လက်နက်စနစ် နှစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ခေါင်းဆောင်ကင်ဂျုံအွန်သည် အရေးကြီးသည့် လက်နက်ခဲယမ်းစက်ရုံတစ်ရုံကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်များစမ်းသပ် ပစ်လွှတ်မှုအပါအဝင် ဇန်နဝါရီလအတွင်း လက်နက်စမ်းသပ်မှုခြောက်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်အင်အားကို တိုးမြှင့်တည်ဆောက်ရန် ကင်၏ ပြောကြားချက်ကို လိုက်နာသည့်အနေဖြင့် အမေရိကန်၏ ဆွေးနွေးပွဲကမ်းလှမ်းချက်များကို မျက်ကွယ်ပြုကာ တစ်လအတွင်း ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၇ ရက်က စမ်းသပ်မှုတွင် တာဝေးပစ်ခရုစ်ဒုံးကျည်နှစ်စင်းပါဝင်ခဲ့ပြီး ယင်းဒုံးကျည်များသည် ဂျပန်ပင်လယ်အတွင်းရှိ ကီလိုမီတာ ၁၈၀၀ အကွာအဝေးတွင်ရှိသော ပစ်မှတ်ကျွန်းကို ထိမှန်ခဲ့သည်ဟု KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းဒုံးကျည်များသည် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များဖြစ်ပြီး သမားရိုးက ဒုံးထိပ်ဖူး၏ ပေါက်ကွဲအားကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်ဟု KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက အာဏာရပါတီတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ စစ်တပ်ကို အဆင့်မြှင့်တင်သွားမည်ဟု ကတိပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းစမ်းသပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမရိကန်က ပိတ်ဆို့မှုအသစ်များချမှတ်ခဲ့ပြီး ယင်းသည် မြောက်ကိုရီးယားအစိုးရကို ဒေါသထွက်စေခဲ့ကာ နှစ်နှင့်ချီပြီး ရပ်ဆိုင်းထားသည့် နျူကလီးယားနှင့် တာဝေးပစ်ဒုံး ကျည်စမ်းသပ်မှုများကို ပြုလုပ်သွားမည်ဟု အရိပ်မြွက်ပြောကြားခဲ့သည်။

KCNA သတင်းအေဂျင်စီက ထုတ်ပြန်သည့် ဓာတ်ပုံများထဲတွင် အမည်းရောင် သား ရေဂျာကင်ကုတ်အကျႌအရှည်ဝတ်ဆင်ထားသည့် ကင်ကို ယူနီဖောင်းဝတ် အရာရှိများက ဝန်းရံထားပြီး အဓိကလက်နက်စနစ်ထုတ်လုပ်သည့် ခဲယမ်းစက်ရုံကို စစ်ဆေးကြည့်ရှုနေပုံများကို ဖော်ပြထားသည်။

ယင်းစက်ရုံသည် မြောက်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့များကို အဆင့်မြှင့်တင် မွမ်းမံရာတွင် အလွန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ကင်က ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

“မြောက်ကိုရီးယားဟာ ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်ပုံပေါ်အောင် အခုလို စမ်းသပ်မှုတွေကို လုပ်ပြခဲ့တာဖြစ်နိုင်ပြီး အနာဂတ်မှာလည်း ပိတ်ဆို့မှုတွေကို အရေးမထားဘူးဆိုတဲ့ ပုံစံမျိုးကို ပြသချင်တဲ့သဘောမျိုးဖြစ်နိုင်ပါတယ်”ဟု တောင်ကိုရီးယားမှ စီဂျွန်ပုဂ္ဂလိက ဌာနမှ သုသေသီတစ်ဦးဖြစ်သူ ချွန်ဆောင်ချန်း က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ခရုဇ်ဒုံးကျည်ဟု ယူဆရသော အရာနှစ်ခုကို ဇန်နဝါရီ ၂၅ ရက်တွင် ပစ်လွှတ်ခဲ့ကာ ဇန်နဝါရီ ၁၄ ရက် နှင့် ၁၇ ရက်တို့တွင်လည်း ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။ ဇန်နဝါရီ ၅ ရက်နှင့် ၁၁ ရက်တို့တွင်လည်း အသံလွန်ဒုံးကျည်ဟု ယူဆရသော ဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ခရုဇ် ဒုံးကျည်နှစ်စင်းကိုပါ ထည့်တွက်မယ်ဆိုရင် မြောက်ကိုရီးယားဟာ အခုလထဲမှာ ဒုံးကျည် ပစ်လွှတ်မှုတွေကို စံချိန်တင် လုပ်ခဲ့တာဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်”ဟု လေ့လာ ဆန်းစစ်သူတစ်ဦးက ပြောသည်။


READ NEXT
Cancel OK