Top News

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်း၄၀၀ ကို အမေရိကန်က ဝင်ငွေနိမ့်ကျသော ၁၁၂ နို်င်ငံသို့ ပေးပို့ခဲ့ဟု အိ်မ်ဖြူတော် ပြောကြား
24htopnews | December 12, 2024 8:12 AM CST

ဝင်ငွေနိမ့်နိုင်ငံများသို့ ကာကွယ်ဆေး ၁.၂ ဘီလျံခန့် လှူဒါန်းမည်ဟု အစောပိုင်းတွင် ကတိပြုထားသည့်အထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသန်း ၄၀၀ ကို အမေရိကန်က ပို့ပေးခဲ့ပြီးဖြစ်သည်ဟု ဇန်နဝါရီ ၂၆ ရက်တွင် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

“ဒီကနေ့မှာတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှုမှာ အရေးပါတဲ့မှတ်တိုင်ကို စိုက်ထူတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံ ၁၁၂ နိုင်ငံကို ကာကွယ်ဆေးသန်း၄၀၀ ပို့ပေးတော့မှာ ဖြစ်ပါတယ်။ အခမဲ့ပေးတာဖြစ်ပြီး ဘာချည်နှောင်မှုမှ မရှိဘဲ ပေးတာဖြစ်ပါတယ်” ဟု အိမ်ဖြူတော် COVID-19 စေ့စပ်ညှိနှိုင်းရေးမှူး ဂျက်ဇီးယန့်က သတင်းထောက်များကို ပြောကြားသည်။

နောက်ဆုံးပေးပို့သောအသုတ်တွင် Pfizer ထုတ်ကာကွယ်ဆေး ၃.၂သန်းကို ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့မှုနှင့်ကာကွယ်ဆေး ၄.၇ သန်းကို ပါကစ္စတန်သို့ ပေးပို့မှုတို့ ပါဝင်သည်ဟု အိမ်ဖြူတော်တာဝန်ရှိသူ၏ စကားကို ကိုးကားကာ ဇန်နဝါရီ ၂၆ ရက် အစောပိုင်းတွင် စီအန်အန်သတင်းထောက်က သတင်းပေးပို့ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမျှဝေရေးအစီအစဉ် COVAX သို့ ဒုတိယအကြိမ်အဖြစ် ပမာဏသန်း ၅၀၀ လှူဒါန်းမည်ဟု ဘိုင်ဒင်အစိုးရက ယခင်ကကတိပြုထားခဲ့ရာ အမေရိကန်က လှူဒါန်းမည့် စုစုပေါင်းကာ ကွယ်ဆေးပမာဏသည် ၁.၂ ဘီလျံအထိရှိလာမည်ဖြစ်သည်။ COVAX သို့ နောက်ဆုံးပေးပို့မည့် အသုတ်ကို ယခုလအတွင်း စတင်ပေးပို့မည်ဟု မျှော်လင့်ရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားဆဲအနေအထားတွင် ဆင်းရဲသောနိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အနည်းဆုံး ငါးဘီလျံမှ ခြောက်ဘီလျံ လိုအပ်မည်ဟု ကမ္ဘာ့ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ ကမ္ဘာ့မဟာမိတ်အဖွဲ့တို့ကျောထောက်နောက်ခံပေးထားသော COVAX သည် ၁၄၄ နိုင်ငံသို့ ကာကွယ်ဆေး တစ်ဘီလျံပေးပို့ခဲ့ပြီး  ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ၇၀ ရာခိုင်နှုန်းရှိလာရန် ရည်မှန်းထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ပိုမိုရရှိရေးအတွက် ချမ်းသာသောနိုင်ငံများက အလုံအလောက် ဆောင်ရွက်ပေးခြင်းမရှိဟု ကျန်းမာရေးပညာရှင်များက ဝေဖန်ခဲ့ကြသည်။ အထူးသဖြင့် ကမ္ဘာ့လူဦးရေ အများစုမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရန် စောင့်ဆိုင်းနေရခိုက် နောက်တိုးကာကွယ်ဆေးထိုးနှံကြရန် ကာကွယ်ဆေးအပြည့်ထိုးထားသော အမေရိကန်နိုင်ငံသားများကို တွန်းအားပေးနေသော အမေရိကန်နိုင်ငံသည့် ဝေဖန်ခြင်းခံနေရသည်။

ချမ်းသာသောနိုင်ငံများက ကာကွယ်ဆေးသိုလှောင်ထားခြင်းက ကိုရိုနာမျိုးကွဲသစ်များ ထွက်ပေါ်လာစေရန် ဦးတည်စေနိုင်သည်ဟု ဖွံ့ဖြိုးဆဲနိုင်ငံများက ပညာရှင်များနှင့် ခေါင်းဆောင်များက သတိပေးလျက်ရှိသည်။

 

 


READ NEXT
Cancel OK