Top News

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်အန္တရာယ် လျော့ကျလာသည့်အတွက် ဗြိတိန်တွင် COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို အာဏာပိုင်များက ပြန်ရုပ်သိမ်း
24htopnews | December 12, 2024 8:12 AM CST

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် အားဖြည့်ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကြောင့် ရောဂါပြင်းထန်မှုနှင့် ဆေးရုံတက်ကုသရမှုများကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်တွင် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရန်အပါအဝင် ကန့်သတ်ပိတ်ပင်မှု အများစုကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်မှစ၍ အင်္ဂလန်ရှိ မည်သည့်နေရာတွင်မဆို မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်တော့မည်မဟုတ်ကြောင်းနှင့် နိုက်ကလပ်များနှင့် အခြားသောလူအများ သွားရောက်ရာနေရာများသို့ ဝင်ရောက်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံထားသည့် အထောက်အထားများနှင့် ဆေးစစ်ချက် ရလဒ်များကို ပြသရန် လို အပ်မှုကိုလည်း ရုပ်သိမ်းပေးလိုက်ပြီဖြစ်သည်။

လူများကို နေအိမ်မှ အလုပ်လုပ်ကြရန် ညွှန်ကြားခြင်းနှင့် စာသင်ခန်းများတွင် နှာခေါင်းစည်း တပ်ဆင်ရန် ညွှန်ကြားချက်များကိုလည်း ဗြိတိန်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြန်ရုပ်သိမ်းပေးခဲ့သည်။

အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ဝန်ပိလာခြင်းကို တားဆီးရန်နှင့် လူထုအား ကိုရိုနာဗိုင်းရပ်စ်အားဖြည့် ကာကွယ်ဆေးထိုးနှံပေးရာတွင် အချိန်ပိုမို ရရှိနိုင်ရန်အတွက် “Plan B” ဟု ခေါ်ဆိုသော အစီအမံများကို အာဏာပိုင်များက ချမှတ်ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်၊ ဆေးစစ်မှုနှင့် ဗိုင်းရပ်စ်ကုသနည်းများကို တီထွင်ကြံဆမှုတို့ ပေါင်းဆုံမှုကြောင့် ဥရောပ၏ အခိုင်အမာဆုံး ကပ်ရောဂါကာကွယ်မှုအချို့ကို ဖန်တီးနိုင်ခဲ့ကာ ပုံမှန်အခြေအနေသို့ သတိဖြင့် ပြန်လာနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က ပြောကြားခဲ့သည်။ သို့ရာတွင် မိမိတို့အနေဖြင့် COVID-19 ရောဂါနှင့်အတူ ရှင်သန်နိုင်ရန် လိုအပ်မည်ဖြစ်ကာ ၎င်းဗိုင်းရပ်စ်ပိုးသည် ပျောက်ကွယ်သွားဦးမည်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိမြင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ လက်ရှိတွင် ကူးစက်မှုများ ဆက်လက်ကျဆင်းနေသည့်တိုင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်မှာ နိုင်ငံအနှံ့ရှိ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအကြားတွင် ပျံ့နှံ့နေဦးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။                  


READ NEXT
Cancel OK