Top News

အပစ်ရပ်စဲရေး သဘောတူညီချက်ကို လေးစားလိုက်နာရန် ရုရှားနှင့် ယူကရိန်းတို့ သဘောတူညီမှုရရှိ
24htopnews | December 12, 2024 8:12 AM CST

ပဲရစ်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအတွင်း ရုရှားနှင့် ယူကရိန်းအစိုးရ  သံတမန်များက ယူကရိန်း အရှေ့ပိုင်း၌ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းရန် ကတိကဝတ်ပြုခဲ့ပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန်လည်း သဘောတူညီခဲ့ကြသည်။

ရုရှားက ၎င်းတို့အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရန် ပြင်ဆင်နေဖွယ်ရှိသည်ဟူသော သတိပေးမှုများရှိနေချိန်တွင် ထိရှလွယ်သော အပစ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းရန် ယခုကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအရှေ့ပိုင်းတစ်လျှောက်ရှိ နယ်စပ်အနီးတွင် ရုရှားကတပ်ဖွဲ့ဝင်များ စုရုံးဖြန့်ကြက်ထားမှုကြောင့် ရုရှားက ဥရောပသမဂ္ဂ လိုလားသော အိမ်နီးချင်းယူကရိန်းကို ကျူးကျော်ပြီး အရှေ့ဥရောပတွင် နေတိုး၏ အင်အားချဲ့ထွင်မှုကို ဟန့်တားရန် ပြင်ဆင်နေသည်ဟူသော စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။

ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ရှစ်နာရီကျော်ကြာ ဆွေးနွေးမှုများတွင် အပြုသဘောဆောင်သည့် လက္ခဏာများ တွေ့ရှိရသည်ဟု ပြင်သစ်သံတမန်တစ်ဦးက  ဆိုသည်။

ဖေဖော်ဝါရီလ ဒုတိယတစ်ပတ်တွင် ဘာလင်မြို့၌ ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျာမနီအစိုးရ သတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ လက်ထောက်တစ်ဦးကလည်း အဆိုပါဆွေးနွေးမှုသည် ရုရှား၏ ကျူးကျော်မှု အန္တရာယ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းမဟုတ်ဘဲ ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းအရှေ့ပိုင်းတွင် ခွဲထွက်ရေးသူပုန်များနှင့် တိုက်ပွဲဖြစ်ပွားနေမှုကို ဖြေရှင်းရန် ဦးတည်ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။

သို့ရာတွင် ရုရှားဘက်က သဘောထားပျော့ပျောင်းလာသည့် လက္ခဏာကို ပြသလိုခြင်း ရှိမရှိဆိုသည်မှာ အဓိကကျကြောင်းနှင့် ခက်ခဲသော ဆွေးနွေးမှုများဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် အပြုသဘောဆောင်သည့် ရလဒ်မျိုး ထွက်ပေါ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ယူကရိန်းအရှေ့ပိုင်းတွင် အစိုးရစစ်တပ်နှင့် ခွဲထွက်ရေးဝါဒီများအကြား တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ယူကရိန်းနှင့် ရုရှားတို့က ဂျာမနီ၊ ပြင်သစ်တို့နှင့်အတူ ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုးရန် သဘောတူခဲ့သည်မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

အဆိုပါလေးနိုင်ငံသည် ၂၀၁၄ ခုနှစ်မှစ၍ ယူကရိန်းအရှေ့ပိုင်းတွင် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ၎င်းတို့လေးနိုင်ငံအား နော်မန်ဒီအုပ်စုဟု ခေါ်ဆိုကြသည်။

ခက်ခဲသောဆွေးနွေးမှုများဖြစ်ခဲ့သော်လည်း နော်မန်ဒီအုပ်စုသည် အဓိကကျသည့် အချက်အချို့နှင့် ပတ်သက်၍ သဘောတူညီမှုရရှိခဲ့သည်ဟု ပြင်သစ်သမ္မတ၏ လက်ထောက်က ပြောကြားခဲ့သည်။ ပူးတွဲကြေညာချက်တွင် ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံလုံးက အပစ်ရပ်စဲရေးကို ခြွင်းချက်မရှိ လေးစားလိုက်နာရန် ကတိကဝတ်ပြုခဲ့ပြီး နှစ်ပတ်အတွင်း ဘာလင်မြိို့တွင် ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ် အပစ်ရပ်စဲရေး သဘောတူညီမှုသည် ယူကရိန်း၏ ဒေသနှစ်ခုတွင် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားနေမှုများကို အဆုံးသတ်စေခဲ့သည်။         

 


READ NEXT
Cancel OK