
ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်မပေးရန် ရုရှားဘက်က တောင်းဆိုထားသည့် အဓိကအချက်အား အမေရိကန်ပြည်ထောင်စုက ဇန်နဝါရီ ၂၆ ရက်တွင် ပယ်ချခဲ့ပြီး ရုရှားဘက်က ယူကရိန်းကို ကျူးကျော်ရန် အသင့်ပြင်ဆင်နေသည်ဟု ယုံကြည်ကြောင်းလည်း အမေရိကန်က ပြောကြားခဲ့သည်။
သို့ရာတွင် ဆွေးနွေမှုများသည် ၎င်းအကျပ်အတည်းမှ ရုန်းထွက်နိုင်မည့် သံတမန်ရေး လမ်းကြောင်းသစ်ကို ဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း အမေရိကန်က ဆိုသည်။
လာမည့်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်နှင့် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။ တစ်ဖက်တွင်လည်း ပြင်သစ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် သီးခြားကြိုးပမ်းမှုတစ်ခုတွင် ယူကရိန်းအစိုးရနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ရုရှားအစိုးရက ကတိကဝတ်ပြုခဲ့သည်။
ရုရှားက ယူကရိန်းနယ်စပ်အနီးသို့ တပ်ဖွဲ့ဝင်များ အလုံးအရင်းဖြန့်ကြက်ကာ ကျယ်ပြန့်သည့် လုံခြုံရေး အာမခံချက်များကို အဆိုပြုခဲ့ပြီး တစ်လအကြာတွင် အမေရိကန်ကမဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းကာ ယခုကဲ့သို့တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ဖြစ်လာနိုင်သည့် မည်သို့သော နောက်ဆုံးအခြေအနေမျိုးအတွက်မဆို အသင့်ပြင်ဆင်ထားကြောင်းလည်း အမေရိကန်က ပြောကြားခဲ့သည်။
“ရုရှားဘက်က သံတမန်လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင် ဒါဟာလေးနက်တဲ့ သံတမန်ရေးရာ နည်းလမ်းကောင်းတစ်ခုကို အစပြုလိုက်တာပါပဲ” ဟု ဘလင်ကန်က သတင်းထောက်များကို ပြောကြားသည်။
ထို့အပြင်ဥရောပ၌ ဒုံးလက်နက် ဖြန့်ကြက်မှုများ လျှော့ချရေး၊ စစ်ရေးလေ့ကျင့်မှုများ၊ ယူကရိန်းသို့ အနောက်နိုင်ငံများ၏ ထောက်ပံ့မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရေးအပါအဝင် နှစ်နိုင်ငံလုံးနှင့် သက်ဆိုင်နေသည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရာတွင် အပြန်အလှန်လိုက်နာဆောင်ရွက်ရမည့် အစီအမံများကိုလည်း ၎င်းက ထပ်မံအဆိုပြုခဲ့သည်။
သို့ရာတွင် အမေရိကန်အနေဖြင့် ယူကရိန်းအား နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်မပေးရန် ရုရှားက အဓိကတောင်းဆိုမှုနှင့်ပတ်သက်ပြီး သဘောထားပြောင်းလဲမည်မဟုတ်ကြောင်း ဘလင်ကန်က ပြတ်ပြတ်သားသားပြောဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရှုထောင့်အရဆိုရင် နေတိုးမဟာမိတ်အုပ်စုက တံခါးဖွင့်ထားလျက်ပါပဲ။ နောင်ကိုလည်း တံခါးဖွင့်ထားဆဲဖြစ်မှာပါ။ ဒါကကျွန်တော်တို့ရဲ့ ကတိကဝတ်ပါပဲ” ဟုလည်း ၎င်းက ဆိုသည်။
ယူကရိန်းနှင့် အစဉ်အလာအရ ဆက်ဆံရေးရှိခဲ့သည့် ရုရှားသည် ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပုန်ကန်ထကြွမှုများကို အားပေးအားမြှောက်လုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍ ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်း ၁၃,၀၀၀ ကျော် သေဆုံးခဲ့သည်။ ယင်းနှစ်တွင်ပင် ယူကရိန်း၌ ဥရောပသမဂ္ဂနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းမှုများကို ငြင်းဆန်ပယ်ချခဲ့သည့် အစိုးရ ဖြုတ်ချခံရပြီး နောက်ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းထံမှ သိမ်းယူခဲ့သည်။ ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်မည်ဆိုပါက ပြင်းထန်သည့်အကျိုးဆက်များနှင့် ချက်ချင်းလက်ငင်းရင်ဆိုင်ရမည်ဖြစ်ကြောင်းနှင့် သမ္မတပူတင်အပေါ် ပုဂ္ဂိုလ်ရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ရဖွယ်ရှိကြောင်း အမေရိကန်က သတိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်