Top News

ပဲ့ထိန်းဒုံးကျည်များဟု ယူဆရသော အရာနှစ်ခုကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား ထုတ်ပြန်
24htopnews | December 12, 2024 8:12 AM CST

ဇန်နဝါရီ ၂၇ ရက်တွင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြောကြားခဲ့ရာ ယခုစမ်းသပ်မှုမှာ မြောက်ကိုရီးယား၏အဏုမြူအစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်၏ ကမ်းလှမ်းချက်များကို ပြတ်ပြတ်သားသား ငြင်းဆန်ကြောင်း ပြသသည့်အနေဖြင့်လုပ်ဆောင်ခဲ့သည့် လက်နက်စမ်းသပ်မှုဖြစ်ကာ ယခုလအတွင်း ပြုံယမ်း၏ ခြောက်ကြိမ်မြောက် လက်နက်စမ်းသပ်မှုဖြစ်သည်။

မြောက်ကိုရီးယားသည် ဆယ်စုနှစ်များစွာအတွင်း ပြက္ခဒန်လတစ်လ၌ ယခုလောက်များပြားသော ဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်း မရှိဟု ၀ါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာက ပြုစုထားသော အချက်အလက်များအရ သိရသည်။

မြောက်ကိုရီးယားက ယခုလောက်နီးနီး နောက်ဆုံးအကြိမ်ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်မှာ ၂၀၁၉ ခုနှစ်တုန်းကဖြစ်၍ ထိုစဉ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ အထင်ကရစေ့စပ်ဆွေးနွေးမှုများ ပျက်ပြားခဲ့ပြီးနောက် ပြုံယမ်းက ဒုံးကျည် စမ်းသပ်မှုအများအပြားလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်ပိုင်းတွင် အမေရိကန်နှင့်ဆွေးနွေးမှုများ ရပ်ဆိုင်းသွားခြင်းနှင့်အတူ မြောက်ကိုရီးယားသည် စစ်တပ်ကို ခေတ်မီအောင်ပြုလုပ်မည်ဆိုသည့် ကင်ဂျုံအွန်၏ ကတိစကားကို အကောင်အထည်ဖော်ခဲ့ကာ  ယခုလအတွင်း အသံလွန်ဒုံးကျည်များ ပစ်လွှတ်ခြင်းအပါအဝင် ဒဏ်ခတ်အရေးယူမှုများကို ဂရုမစိုက်သော ဒုံးကျည်ပစ်လွှတ်မှုများကို တသီတတန်းကြီး လုပ်ခဲ့သည်။

မြောက်ကိုရီးယား၏ အဓိကမဟာမိတ် တရုတ်က ဖေဖော်ဝါရီလတွင် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ကျင်းပရန် ရှိနေပြီး တောင်ကိုရီးယားကလည်း မတ်လထဲတွင် သမ္မတရွေးကောက်ပွဲကျင်းပရန်ရှိနေသည့် ငြိမ်းချမ်းနေသော ကာလတွင် ပြုံယမ်း၏ လက်နက်စမ်းသပ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဆင်းရဲနေသော မြောက်ကိုရီးယားသည် ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို ပြန်လည်စတင်ခဲ့သည်။ မြောက်ကိုရီးယားသည် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် နယ်စပ်ပိတ်ထားခဲ့ခြင်းက နိုင်ငံ၏စီးပွားရေးကို ပိုမိုထိခိုက်စေခဲ့သည်။

ဇန်နဝါရီ ၂၇ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီ ဝန်းကျင်တွင် ဟမ်ဟန်းမြို့ဘက်မှ ပစ်လွှတ်လိုက်သော တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းဟု ယူဆရသော ဒုံးကျည်နှစ်စင်းကို ထောက်လှမ်းမိခဲ့သည်ဟု တောင်ကိုရီး ယားပူးတွဲစစ်ဦးစီးချုပ်က ထုတ်ပြန်ခဲ့သည်။

“အဲဒီအရာနှစ်ခုဟာ အမြင့် ၂၀ ကီလိုမီတာကနေ ကီလိုမီတာ ၁၉၀ (၁၁၈မိုင်)အထိ ပျံသွားပါတယ်” ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                                            

မြောက်ကိုရီးယားသည် ခရုဇ်ဒုံးကျည်ဟု ယူဆရသော အရာနှစ်ခုကို ဇန်နဝါရီ ၂၅ ရက်တွင် ပစ်လွှတ်ခဲ့ကာ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၇ ရက်တို့တွင်လည်း ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။ ဇန်နဝါရီ ၅ ရက်နှင့် ၁၁ ရက်တို့တွင်လည်း အသံလွန်ဒုံးကျည်ဟု ယူဆရသော ဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ခရုဇ်ဒုံးကျည်နှစ်စင်းကိုပါ ထည့်တွက်မယ်ဆိုရင် မြောက်ကိုရီးယား အခုလထဲမှာ ဒုံးကျည်ပစ်လွှတ်မှုတွေကို စံချိန်တင်လုပ်ခဲ့တာဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်” ဟု လေ့လာဆန်းစစ်သူ အန်ကယ်ပန်ဒါက ပြောသည်။           

 


READ NEXT
Cancel OK