Top News

COVID-19 ကူးစက်ခံရပြီးနောက် ဗိုင်းရပ်စ်ကိုခံနိုင်ရည်ရှိသည့် ပဋိပစ္စည်းများသည် သွေးထဲတွင် အနည်းဆုံး ရှစ်လကြာ ရှိနေသည်ဟု အီတလီသုတေသီများ ပြောကြား
24htopnews | December 12, 2024 5:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ခံနိုင်ရည်ရှိ ပဋိပစ္စည်းများ (antibodies) များသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၎င်းကိုရိုနာဗိုင်းရပ်စ်နှင့်အတူ လူနာများ၏သွေးထဲတွင် အနည်းဆုံးရှစ်လကြာ ဆက်လက်တည်ရှိနေသည်ဟု မေ ၁၁ ရက်တွင် အီတလီသုတေသီများက ပြောကြားခဲ့ကြသည်။

ဖျားနာမှုပြင်းထန်ခြင်း၊ လူနာများ၏အသက်အရွယ်သို့မဟုတ် တခြားရောဂါများ ရှိနေခြင်းတို့နှင့်မဆိုင်ဘဲ ပဋိပစ္စည်းများရှိနေကြသည်ဟု မီလန်မြို့ရှိ ဆန်ရာဖေးလ်ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အီတလီ၏ ISS အမျိုးသားကျန်းမာရေးသိပ္ပံတွင် အလုပ်လုပ်နေသော သုတေသီပညာရှင်များသည် ပြီးခဲ့သည့်နှစ်က ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းဖြစ်ပွားစဉ် အရေးပေါ် ရောက်လာသော ရောဂါလက္ခဏာ ပြသသည့် ကိုရိုနာဗိုင်းရပ်စ် လူနာ ၁၆၂ ဦးကို လေ့လာခဲ့ကြသည်။

သွေးနမူနာများကို မတ်နှင့် ဧပြီတို့တွင် ရယူခဲ့ပြီး အသက်မသေသောလူနာများထံမှလည်း သွေးနမူနာများကို နိုဝင်ဘာတွင် ထပ်မံရယူခဲ့သည်။ ၎င်းတို့ထဲမှ လူနာ၂၉ဦးမှာ သေဆုံးသွားခဲ့သည်။

“ရောဂါနာမည်ဖော်ထုတ်စစ်ဆေးခဲ့့ပြီးနောက် အာနိသင်လျော့နည်းနေတဲ့ ပဋိပစ္စည်းတွေတည်ရှိနေတာကို တွေ ့ရပါတယ်။ အဲဒီပဋိပစ္စည်းတွေဟာအချိန်ကြာလာတာနဲ့အမျှ လျော့နည်းသွားကြတာဖြစ်ပါတယ်။ ဆေးစစ်ရာမှာ ရောဂါဖြစ်ပွားနေကြောင်း လက္ခဏာ မပြတဲ့ လူနာသုံးဦးသာရှိပါတယ်” ဟု ISS နှင့် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါပျောက်ကင်းရာတွင် ပဋိပစ္စည်းများ၏ဖွံ့ဖြိုးမှုအရေးပါပုံကို Nature Communications သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သော ယခုလေ့လာချက်က အလေးပေးဖော်ပြထားသည်။

“ ကူးစက်ခံရတဲ့ ပထမဆုံး ၁၅ ရက်အတွင်းမှာ ပဋိပစ္စည်းတွေ ထုတ်မပေးနိုင်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အပြင်းထန်ဆုံးပုံစံတွေဖြစ်လာမယ့် ကြီးမားတဲ့အန္တရာယ် ရှိနေပါတယ်” ဟု ဆိုသည်။

လေ့လာခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်လူနာများထဲမှ သုံးပုံနှစ်ပုံမှာ အမျိုးသားများဖြစ်ကြပြီး ၄င်းတို ့၏ ပျမ်းမျှအသက်မှာ ၆၃ နှစ်ဖြစ်သည်။ ၄င်းတို့ထဲမှ ၅၇ ရာခိုင်နှုန်းခန့်သည်  သွေးတိုးနှင့် ဆီချို ရောဂါအခံရှိကြသူများ ဖြစ်သည်။

အီတလီနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ အပြင်းထန်ဆုံး ဖြစ်ပွားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

မေ ၁၁ ရက်အထိ အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄.၂သန်းကျော်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့်သေဆုံးသူ ၁၂၃,၂၈၂ ဦး ရှိနေသည်။

သို့ရာတွင် အီတလီသည် နိုင်ငံ၏ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းသည့်အနေဖြင့် ဥရောပနိုင်ငံများ၊ ဗြိတိန်နှင့် အစ္စရေးတို့မှ ခရီးသွားများကို အစောဆုံးအနေဖြင့် မေလလယ်လောက်တွင်  ရောဂါခြေချုပ်ဖြင့် နေထိုင်မှုကန့်သတ်ချက်များကို ဖယ်ရှားပေးရန် စီစဉ်ထားသည်ဟု လွန်ခဲ့သောရက်ပိုင်းတွင် အီတလီကျန်းမာရေးဝန်ကြီး လူဂီဒီမိုင်ယိုက ပြောကြားခဲ့သည်။

အမေရိကန်မှ ရောက်လာသူများအတွက် ရောဂါခြေချုပ်ဖြင့် နေထိုင်မှုလိုအပ်ချက်ကိုလည်း ဇွန်လမှ စတင်ပယ်ဖျက်ပေးဖွယ် ရှိသည်ဟု ဒီမိုယိုက ဆိုသည်။


READ NEXT
Cancel OK