Top News

ကမ္ဘာတစ်ဝန်း နေ့စဉ် COVID-19 ရောဂါကူးစက်ဖြစ်ပွားသူ လူနာသစ်သန်းနှင့်ချီမြင့်တက်နေပြီး မေ ၁၁ ရက် နံနက်ပိုင်းအထိ ရောဂါကူးစက်ခံရသူ ၁၅၉ သန်းကျော်နှင့် သေဆုံးသူ ၃၃ သိန်းကျော်အထိတိုးလာ
24htopnews | December 12, 2024 5:12 PM CST

ကမ္ဘာတစ်ဝန်း နေ့စဉ် COVID-19 ရောဂါကူးစက်ဖြစ်ပွားသူ လူနာသစ်သန်းနှင့်ချီ မြင့်တက်နေပြီး မေ ၁၁ ရက် နံနက်ပိုင်းအထိ ရောဂါကူးစက်ခံရသူ ၁၅၉သန်းကျော်နှင့် သေဆုံးသူ ၃၃ သိန်းကျော်အထိ တိုးလာကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

မေ ၁၁ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၁၅၉၆၀၅၉၂၂ ဦးရှိပြီး သေဆုံးသူ ၃၃၁၇၇၃၃ ဦးရှိကာ ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း ၁၃၇၂၉၁၅၃၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် နိုင်ငံတစ်ဝန်း Lockdown ချမှတ်ရန် ဒေါသတကြီးတောင်းဆိုမှုများ ထွက်ပေါ်နေသည့်ကြားမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် သေဆုံးသူများ စံချိန်တင်မြင့်တက်နေစဉ် ၎င်း၏ယိုယွင်းနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထောက်ပံ့နိုင်ရန်အတွက် ရာနှင့်ချီသည့် စစ်ဘက်ဆေးဝန်ထမ်းဟောင်းများကို ပြန်လည်ခေါ်ယူသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက မေ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဆိုင်ရာ အရာရှိ ၄၀၀ ခန့်ကို အများဆုံး ၁၁ လ စာချုပ်ဖြင့် တာဝန်ထမ်းဆောင်ပေးရန် မျှော်မှန်းထားပြီး အခြားစစ်ဘက်ဆရာဝန်များကို အွန်လိုင်းမှအကြံဉာဏ်ပေးရန် လုပ်ဆောင်စေမည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

အိန္ဒိယတွင် မေ ၉ ရက်၌ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀၉၂ ဦးရှိသည့်အတွက် နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၄၂၃၆၂ ဦးအထိ မြင့်တက်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မေ ၉ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၀၃၇၃၈ ဦးရှိသည့်အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၂ ဒသမ ၃ သန်း ရှိလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။အိန္ဒိယသည် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းအတွင်း နေ့အလိုက် ကူးစက်ခံရသူနှင့် သေဆုံးသူအများဆုံးအဖြစ် စံချိန်တင်မြင့်တက်နေသည်။

ဆေးရုံများတွင် လူနာခုတင်များနှင့် အောက်ဆီဂျင် ပြတ်လပ်မှုများဖြစ်ပေါ်နေသည့်အပြင် ရင်ခွဲရုံများနှင့် သုသာန်များ၌လည်း အလောင်းများ စုပြုံပြည့်ကျပ်နေမှုနှင့် အတူ COVID-19 ကြောင့် အမှန်တကယ် ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေသည် တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏ ပြည်နယ်အများအပြားတွင် ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသည့် အခြေအနေလျော့ကျနိုင်ရန် လွန်ခဲ့သည့်တစ်လကျော်ခန့်က တင်းကျပ်သော Lockdown များ ချမှတ်ခဲ့ချိန်တွင် အခြားပြည်နယ်များ၌ အများပြည်သူ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ခြင်း၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ အရက်ဆိုင်များနှင့် စျေးဝယ်စင်တာများ ကိုပိတ်ပင်ခြင်း စသည့်စည်းမျဉ်းများထုတ်ပြန်ခဲ့သည်။

သို့သော် ဝန်ကြီးချုပ် နရင်ဒရာမိုဒီအနေဖြင့် လွန်ခဲ့သည့်နှစ် ဗိုင်းရပ်ကူးစက်မှုလှိုင်းအတွင်း နိုင်ငံတစ်ဝန်း Lockdown ချမှတ်မှုကဲ့သို့ အလားတူ Lockdown တစ်ရပ်ချမှတ်ပေးရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

အိန္ဒိယဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း (IMA) က ပြည်နယ်များတွင် ရက်အနည်းငယ်မျှ ကာဖျူးမိန့်နှင့် ကန့်သတ်ချက်အမိန့်များကို ပြတ်တောင်းပြတ်တောင်းချမှတ်မည့်အစား ပြီးပြည့်စုံပြီး အစီအစဉ်တကျရှိသည့် Lockdown တစ်ရပ်ကို ချမှတ်ပေးရန်တောင်းဆိုခဲ့သည်။

အိန္ဒိယတွင်ပေါ်ပေါက်ခဲ့သော ဗိုင်းရပ်စ်မျိုးကွဲသစ်သည် အလွန်ကူးစက်မြန်ပြီး ကာကွယ်ဆေး၏ ကာကွယ်နိုင်စွမ်းကို ရှောင်တိမ်းနိုင်ခြေရှိသည်ဟု WHO ၏သိပ္ပံပညာရှင် ဆိုမြာဆွာမီနာသန်က သတိပေးထားသည်။


READ NEXT
Cancel OK