Top News

Colonial လောင်စာကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်တွင် ရုရှားအခြေစိုက် DarkSide ဟက်ကာအဖွဲ့ရှိနေဟု အမေရိကန်ထုတ်ပြန်ချက်အပေါ် ရုရှားငြင်းဆို
24htopnews | December 12, 2024 5:12 PM CST

အမေရိကန်နိုင်ငံ အရှေ့ဘက်ပိုင်းရှိ အကြီးဆုံးလောင်စာပိုက်လိုင်းကို ပိတ်ပစ်ခဲ့ရသည့် ဆိုက်ဘာတိုက်ခိုက်မှုနောက်ကွယ်တွင် ရုရှားအခြေစိုက် ဟက်ကာအဖွဲ့ရှိနေခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေ ၁၀ ရက်တွင် ပြောကြားချက်အပေါ်ရုရှားက မေ ၁၁ ရက်၌ ငြင်းဆိုခဲ့သည်။

 

Colonial လောင်စာ ပိုက်လိုင်းဆိုက်ဘာ တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် လွန်ခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သော ရုရှားအခြေစိုက် DarkSide ဟက်ကာအဖွဲ့ရှိနေကြောင်း FBI က အတည်ပြုထုတ်ပြန်ခဲ့ပြီး ယင်းအဖွဲ့သည်ကုမ္ပဏီ၏ ကွန်ပျူတာစနစ်များအား ပိတ်ထားရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ransomware ဗိုင်းရပ်စ်ဆော့ဝဲလ်ဟာ ရုရှားတွေမှာရှိတယ်ဆိုတဲ့ သက်သေအထောက်အထားရှိပေမယ့်လည်း ဒီဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်မှာ ရုရှားပါဝင်ပတ်သက်တယ်ဆိုတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာ ကျွန်တော်တို့ထောက်လှမ်းရေးသမားတွေမှာမရှိပါဘူး” ဟု ဘိုင်ဒင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ယင်းလုပ်ရပ်ကို ဖြေရှင်းဖို့သူတို့တွေ တာဝန်ရှိတယ်” ဟုလည်း ၎င်းကဆိုသည်။

“ဒီစွပ်စွဲချက်ဟာသတင်းထောက်တွေရဲ့ အခြေအမြစ်မရှိ လုပ်ကြံပြောကြားချက်တွေဖြစ်ပြီး ရုရှားအနေနဲ့ ဆိုက်ဘာတိုက်ခိုက်တဲ့ လုပ်ရပ်မျိုး မလုပ်ဆောင်ခဲ့ပါဘူး” ဟုအမေရိကန်နိုင်ငံရှိ ရုရှားသံရုံးက ထုတ်ပြန်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက် လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးလိုကြောင်း ရုရှားကအကြိမ်ကြိမ် ပြောကြားခဲ့သည်ဟု ရုရှားသံရုံးက ဆိုသည်။

လုပ်ငန်းဆောင်တာများ ရပ်တန့်ခဲ့ပြီးနောက် သုံးရက်အကြာ၌ Colonial ကုမ္ပဏီက တက္ကဆက်နှင့် နယူးယောက်ကြားရှိ မိုင် ၅,၅ဝဝအရှည်ရှိ အကြီးဆုံးလောင်စာ ပိုက်လိုင်းကွန်ရက်၏ တစ်စိတ်တစ်ပိုင်းကို ပြန်လည်ဖွင့်လှစ်လုပ်ဆောင်ခဲ့သည်ဟု မေ ၁၀ ရက်၌ပြောကြားခဲ့သည်။

Colonial ကုမ္ပဏီ၏ ပိုက်လိုင်းကွန်ရက်သည် ကမ္ဘာပေါ်တွင်ခရီးသည်တင်လေယာဉ်များ အတက်အဆင်း အများဆုံးပြုလုပ်နေသည့် အတ္တလန္တာ၏ဟတ်ဖီးလ်ဂျက်ဆင်လေဆိပ်အပါအဝင် အမေရိကန်လေဆိပ်ကြီးများကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီး ပိုက်လိုင်းဆက်လက်ပိတ်ထားရန်ခြိမ်းခြောက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ဘိုင်ဒင်အနေဖြင့် အချိန်နှင့်တပြေးညီစောင့်ကြည့်နေသည်ဟု အိမ်ဖြူတော်၏ ဒုတိယအမျိုးသားလုံခြုံရေး အကြံပေးရှားဝုဒ်ရန်ဒေါလ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပိုက်လိုင်းရဲ့ အစိတ်အပိုင်းတွေကို အွန်လိုင်းပြန်လည်ဖွင့်လှစ်လိုက်ပြီ” ဟု Colonial က ထုတ်ပြန်ခဲ့သည်။

“ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲအမြန်ဆုံး အွန်လိုင်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း Colonial က ကျွန်မတို့ကို ပြောခဲ့ပါတယ်” ဟု ရှားဝုဒ်ရန်ဒေါလ်က ပြောကြားခဲ့သည်။

DarkSide ဟက်ကာအဖွဲ့သည် အနောက်ဥရောပ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံ အများစုရှိအလတ်စားနှင့်အကြီးစားကုမ္ပဏီများကို လွန်ခဲ့သည့်နှစ်က ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး ဒေါ်လာသိန်းချီမှ သန်းချီအထိ ငွေကြေးပမာဏကို Bitcoin ဖြစ်ပေးရန် တောင်းဆိုခဲ့ကြသည်။                                        


READ NEXT
Cancel OK