
ဂျေရုဆလင်မြို့အနီးကို ဟားမားစ်နှင့် အခြားပါလက်စတိုင်း လက်နက်ကိုင်များက ရော့ကတ်ဒုံးကျည်များဖြင့် တရစပ် ပစ်ခတ်ခဲ့မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာဒေသအားလေကြောင်းမှအပြင်းအထန် တိုက်ခိုက်ခဲ့ရာဟားမတ်စ်အုပ်စု၏ အကြီးတန်းတပ်မှူးတစ်ဦးနှင့်ကလေးငယ် ၉ ဦး အပါအဝင် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဂါဇာအာဏာပိုင်များကဆိုသည်။
Temple Mount ဟုလည်း လူသိများသည့် ဂျေရုဆလင်မြို့ရှိ အယ်-အက်ဆာ ဝတ်ပြုကျောင်းဝင်းနှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည့် အုံကြွမှုများကြောင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် စစ်ပွဲဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်း လက်နက်ကိုင် အုပ်စုများက ဂျေရုဆလင်မြို့ ဧရိယာအား ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဂါဇာဒေသရှိ လက်နက်ကိုင် အုပ်စုများ၊ရော့ကတ်လောင်ချာများနှင့် စစ်စခန်းများကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ဂျေရုဆလင်မြို့ဧရိယာကို ရော့ကတ်များဖြင့် ပစ်ခတ်မှုသည် လုံးဝလက်သင့်မခံနိုင်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရော့ကတ်ပစ်ခတ်မှုများနှင့် အစ္စရေးကလေကြောင်းမှ တိုက်ခိုက်မှုများသည် မေ ၁၀ ရက် ညသန်းခေါင်အထိ ဆက်လက်ဖြစ်ပွားခဲ့ကာ ဂါဇာမြို့အနီးနှင့် ဂါဇာကမ်းမြောင်ဒေသအနှံ့တွင် ကျယ်လောင်သည့် ပေါက်ကွဲသံများ ကြားခဲ့ရသည်ဟု ပါလက်စတိုင်းဒေသခံများက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် ညသန်းခေါင်မတိုင်မီအချိန်တွင် ပါလက်စတိုင်း လက်နက်ကိုင်များက အစ္စရေးဘက်ခြမ်းကိုရော့ကတ်ဒုံးကျည် အစင်း ၁၅၀ လောက်ဖြင့်ပစ်ခတ်ခဲ့ကြောင်း နှင့် ဒုံးကျည်အများအပြားကို Iron Dome ဒုံးခွင်းစနစ်ဖြင့် ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဂါဇာဒေသမှ အစ္စရေးဘက်ကို ရော့ကတ်များဖြင့် ပစ်ခတ်နေမှုကို ချက်ချင်းရပ်တန့်ရန်နှင့် တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက်စတင်လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
မေ ၁၀ ရက်နေ့ မနက်အစောပိုင်းကတည်းက ဂျေရုဆလင်မြို့ မြို့ဟောင်း၏ ဗဟိုချက်ရှိ အယ်-အက်ဆာ ဗလီတွင် ပါလက်စတိုင်း ဝတ်ပြုသူများနှင့်အစ္စရေးရဲတပ်ဖွဲ့ အကြား စတင်ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ယင်းဗလီတည်ရှိရာ ဝတ်ပြုကျောင်းဝင်းသည်မွတ်စလင်များ၏ဘာသာရေးအရ အထွတ်အမြတ်နေရာဖြစ်ကာ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ထိရှအလွယ်ဆုံးနေရာဖြစ်သည်။
ပါလက်စတိုင်း လခြမ်းနီအဖွဲ့၏ အဆိုအရ ဝတ်ပြုကျောင်းဝင်းအတွင်း အစ္စရေးရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှုများတွင် ရဲတပ်ဖွဲ့က ရော်ဘာကျည်များ၊ မေ့ဆေးဗုံးများနှင့် မျက်ရည်ယိုဓာတ်ငွေ့အသုံးပြုကာ ဖြိုခွင်းမှုကြောင့် ပါလက်စတိုင်းလူမျိုး ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
ရုန်းရင်းဆန်ခတ်အတွင်းရဲတပ်ဖွဲ့ဝင် ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေးရဲတပ်ဖွဲ့က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်