
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ တစ်ဟုန်ထိုးမြင့်တက်နေစဉ် အမေရိကန်နိုင်ငံတွင် Pfizer/BioNTech ဆေးကုမ္ပဏီတို့၏ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုအသက် ၁၂ နှစ်မှ ၁၅ နှစ်ကြားအရွယ် ကလေးများအား အသုံးပြုထိုးနှံပေးနိုင်ရန် မေ ၁၀ ရက်က အတည်ပြုပေးခဲ့သည်ဟုသိရသည်။
အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံကွပ်ကဲရေးအဖွဲ့ (FDA) က အသက် ၁၆နှစ် နှင့် အထက်အရွယ်များကို ယင်းကာကွယ်ဆေး အသုံးပြုထိုးနှံပေးရန်အတွက် အစောပိုင်းက အတည်ပြုပေးခဲ့ပြီးဖြစ်သည်။
“ဒါဟာ ကျွန်တော်တို့ရဲ့ ဗိုင်းရပ်စ်တိုက်ထုတ်မှုဖြစ်စဉ်မှာ အလားအလာကောင်းတဲ့ ဖွံ့ဖြိုးမှုတစ်ရပ် ဖြစ်ပါတယ်” ဟု အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
သို့သော် ဂျနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အိန္ဒိယနိုင်ငံတွင် ပျံ့နှံ့နေသော B.1.617 ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ပိုမိုကူးစက်နိုင်ခြေရှိပြီး ကမ္ဘာတစ်ဝန်းစိုးရိမ်ရသည့် ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ရပ်ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။
နိုင်ငံအများအပြားတွင် ဗိုင်းရပ်စ်ဆက်လက်ကူးစက်ပျံ့နှံ့သူ မြင့်တက်နေပြီး ကပ်ရောဂါ စတင်ပေါ်ပေါက်သည့် ၂၀၁၉ ခုနှစ် နောက်ပိုင်းကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၃ သန်းနီးပါးရှိလာခဲ့ကာ နေ့စဉ်လူနေမှုဘဝပုံစံများ အဆုံးသတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်စေခဲ့သည်။
လျင်မြန်သော ဗိုင်းရပ်ကာကွယ်ဆေးထိုးနှံနေမှုများသည် ချမ်းသာသောနိုင်ငံများအား ပုံမှန်လူနေမှုပုံစံကို ပြန်လည်စတင်နိုင်ရန်ခြေလှမ်း တစ်ရပ်ဖြစ်နေသည်။
ဥရောပသမဂ္ဂတွင် Pfizer/BioNTech ၏ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အသက် ၁၂ နှစ် မှ ၁၅ နှစ်ကြားအရွယ်များအား ထိုးနှံပေးနိုင်ရန် မကြာမီအတည်ပြုသွားနိုင်ပြီး ယခုလအစောပိုင်းလောက် ဖြစ်နိုင်လိမ့်မည်ဟု ဥရောပဆေးဝါးအေဂျင်စီအကြီးအကဲက မေ ၁၀ ရက်၌ ပြောကြားခဲ့သည်။
ဂရိနိုင်ငံတွင် မေ ၁၄ ရက်မှစ၍ ခရီးသွားရာသီအဖွင့်မတိုင်မီ နေ့ကလေးထိန်းကျောင်းများ၊ မူလတန်းနှင့် အလယ်တန်းကျောင်းများကို ဖွင့်လှစ်ခဲ့စဉ် အိုင်ယာလန်နိုင်ငံတွင်လည်း ပြည်တွင်းခရီးသွားကန့်သတ်ချက်များကို ရုပ်သိမ်းခဲ့ပြီး မဖြစ်မနေဖွင့်လှစ်ရန် မလိုအပ်သော လက်လီဆိုင်များကိုပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်ခဲ့သည်။
ဥရောပရှိ COVID-19 ကြောင့်သေဆုံးသူ အမြင့်ဆုံးဖြစ်သည့် ဗြိတိန်နိုင်ငံတွင်လာမည့် သီတင်းပတ်မှစ၍ ဘားများနှင့်စားသောက်ဆိုင်များတွင်ထိုင်၍ စားသုံးခွင့်ပြုသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ဗြိတိန်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် အောင်မြင်ခဲ့ပြီးနောက်တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ်ဗိုင်းရပ်စ်ကြောင့် နေ့အလိုက်သေဆုံးသူမရှိခဲ့သောကြောင့် ယခုကဲ့သို့ ကန့်သတ်ချက်စည်းမျဉ်းများ ဖြေလျှော့ပေးရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
ခြောက်လကြာ အရေးပေါ်အခြေအနေထုတ်ပြန်ထားသည့် စပိန်နိုင်ငံတွင်လည်းမေ ၉ ရက်က အရေးပေါ်အခြေအနေကိုပြန်လည် ရုပ်သိမ်းပေးခဲ့ပြီး ဒေသတစ်ခုနှင့်တစ်ခုကြား ခရီးသွားလာခွင့်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်