Top News

နိုင်ငံပေါင်း ၃၀ ကျော်သို့ ပျံ့နှံ့လာသည့် အိန္ဒိယမှ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ကမ္ဘာ့စိုးရိမ်ဖွယ်ဗိုင်းရပ်စ်အဖြစ် WHO သတ်မှတ်
24htopnews | December 12, 2024 5:12 PM CST

ပြီးခဲ့သည့်နှစ်ကအိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို တစ်ကမ္ဘာလုံးစိုးရိမ်ရမည့် ဗိုင်းရပ်စ်မျိုးကွဲအဖြစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၀ ရက်တွင်သတ်မှတ်လိုက်သည်။

ကနဦးလေ့လာမှုများအရ B1617 ဗီဇပြောင်းအိန္ဒိယဗိုင်းရပ်စ်သည် အခြားဗိုင်းရပ်စ်မျိုးကွဲများထက် ပိုမိုကူးစက်လွယ်သည်ကိုတွေ့ရပြီး နောက်ထပ်လေ့လာမှုများပြုလုပ်သွားမည်ဟု WHO ကပြောကြားခဲ့သည်။ 

စိုးရိမ်စရာဗိုင်းရပ်စ်အဆင့် သတ်မှတ်ခံရခြင်းသည် မူလဗိုင်းရပ်စ်ထက် ပိုမို၍ကူးစက်နိုင်ပြီး လူသေဆုံးစေနိုင်သည့် ပိုမိုအန္တရာယ်ရှိသည့် ဗိုင်းရပ်စ်အဖြစ် ယူဆခံရခြင်း ဖြစ်သည်။

B1617 သည် အိန္ဒိယတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာက စတင်ပေါ်ပေါက်လာခဲ့ပြီး ယင်းဗိုင်းရပ်စ်မျိုးကွဲသည် နိုင်ငံပေါင်း ၃၀ ကျော်သို့ပျံ့နှံ့နေပြီဖြစ်သည်။

အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲသည် ကမ္ဘာ့စိုးရိမ်ဖွယ်ဗိုင်းရပ်စ်အမျိုးအစားအဖြစ် သတ်မှတ်ခံရသည့် လေးခုမြောက်ဗိုင်းရပ်စ်ဖြစ်ပြီး နောက်ထပ်သုံးခုမှာ ဗြိတိန် ၊တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံတို့တွင် တွေ့ရှိသည့် ဗိုင်းရပ်စ်မျိုးကွဲများဖြစ်သည်။

ယင်းဗိုင်းရပ်စ်၏ကူးစက်မှု ၊ရောဂါပြင်းထန်မှု မည်မျှဖြစ်စေနိုင်သည်၊  ကာကွယ်ဆေးထိုးထားသူများတွင်  ပဋိပစ္စည်းတုံ့ပြန်မှုမည်သို့ရှိသည်ကို ဆက်လက်သိရှိနိုင်ရန်အိန္ဒိယတွင် လေ့လာမှုများပြုလုပ်နေသည်ဟုလည်း   WHO သိပ္ပံပညာရှင်ချုပ် ဆိုမြာဆွာမီနာသန်က ပြောကြားခဲ့သည်။

ကမ္ဘာ့လူဦးရေဒုတိယအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် သေဆုံးသူ နေ့စဉ်စံချိန်တင်များလာခြင်းကြောင့် နိုင်ငံတစ်ဝန်း Lockdown ချရန် အစိုးရကိုတောင်းဆိုနေမှုများလည်း မြင့်တက်နေသည်။

အိန္ဒိယဆေးဘက်ဆိုင်ရာအဖွဲ့အစည်း (IMA) က ပြည်နယ်များတွင် ရက်အနည်းငယ်မျှ ကာဖျူးမိန့်နှင့် ကန့်သတ်ချက်အမိန့်များကို ပြတ်တောင်းပြတ်တောင်းချမှတ်မည့်အစား ပြီးပြည့်စုံပြီး အစီအစဉ်တကျရှိသည့် Lockdown တစ်ရပ်ကို ချမှတ်ပေးရန်တောင်းဆိုခဲ့သည်။

ကူးစက်မှုများမြင့်တက်နေသည့်ကြားမှ ဟိန္ဒူဘာသာရေးပွဲတော်များနှင့်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများဆက်လက် ပြုလုပ်ခွင့်ပေးခဲ့သည့်အတွက် ဝန်ကြီးချုပ် နရင်ဒရာမိုဒီအစိုးရသည် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။

ဆေးရုံများတွင် အောက်ဆီဂျင်များ အရေးပေါ်လိုအပ်နေပြီး နိုင်ငံတောင်ပိုင်း အန်ဒရာပရာ ဒက်ရှ်ပြည်နယ်တွင် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ဗိုင်းရပ်စ်လူနာ ၁၁ ဦး သေဆုံးခဲ့သည်။

WHO အကြီးအကဲ တက်ဒရိုအာဒါနွန်ဂီဘရီယေဆု၏ ပြောကြားချက်အရ အိန္ဒိယအတွက် အောက်ဆီဂျင်နှင့် ဆေးဝါးအထောက်အပံ့များ ၊ ကျန်းမာရေးဝန်ထမ်းများအတွက် အကာအကွယ်ပစ္စည်းများ ဝယ်ယူနိုင်ရန်ရန်ပုံငွေရှာပေးမည့် Together for India ဟူသည့်အစီအစဉ်တစ်ရပ်ကို WHO ဒေးရှင်းကစတင်နေပြီဖြစ်သည်။

ယခုအချိန်အထိ အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကာကွယ်ရန်လက်ရှိ ကာကွယ်ဆေးများက ထိရောက်နေဦးမည် WHO က ပြောကြားခဲ့သည်။


READ NEXT
Cancel OK