
ပိုင်ဆိုင်မှုပစ္စည်း ဒေါ်လာ ၂၃ ဘီလျံကျော်ကို လိမ်လည်ရယူခဲ့သည်ဟု စွပ်စွဲခံထားရသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ထိုပိုင်ဆိုင်မှုများကို ပြန်လည်ရယူနိုင်ရန် မလေးရှားအစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB နှင့် အဖွဲ့ဝင်ဟောင်း SRC ကုမ္ပဏီတို့က တရားမမှု ၂၂ မှုဖြင့် တရားစွဲဆိုရန် တရားရုံးသို့ တင်ပြလျှောက်ထားခဲ့ကြောင်း မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာနက မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရားစွဲဆိုမှုအတွင်း မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကို တရားစွဲဆိုခြင်းဖြစ်သည်ကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတွင်း အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း ပြည်ပမှ ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခု ပါဝင်ကြောင်း ဖော်ပြထားသည်။
တရားစွဲဆိုခံရသည့် အဖွဲ့အစည်းများထဲတွင် JP Morgan ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းကုမ္ပဏီနှင့် Deutsche ဘဏ်တို့ပါဝင်ကြောင်း တရားရုံးစာရွက်စာတမ်းများကို ကိုးကားလျက် The Edge စီးပွားရေးသတင်းက ဖော်ပြခဲ့သည်။
တရားစွဲဆိုခံရမှုတွင် ယင်းကုမ္ပဏီများ ပါဝင်နေခြင်းရှိ၊ မရှိကို မလေးရှားတာဝန်ရှိသူများက အတည်ပြုခြင်းမရှိသေးပေ။
ကမ္ဘာတစ်ဝန်းမှ ထိပ်တန်းအစိုးရတာဝန်ရှိသူအချို့၊ ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေး အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်ခဲ့သော ငွေကြေးအရှုပ်တော်ပုံတစ်ခုတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကြားကာလအတွင်း 1 MDB မှ ဒေါ်လာ ၄.၅ ဘီလျံထက်မနည်း ခိုးယူခံခဲ့ရသည်ဟု မလေးရှားနှင့်အမေရိကန်ထောက်လှမ်းရေးသမားများက ပြောကြားထားသည်။ စာရင်းပျောက်နေသော နောက်ထပ်ဒေါ်လာဘီလျံနှင့်ချီသည့် ငွေကြေးများလည်း ရှိနေကြောင်း မလေးရှားအာဏာပိုင်များက ယခင်ကထုတ်ပြန်ခဲ့ဖူးသည်။
စာချုပ်စာတမ်းချိုးဖောက်မှု၊ လိမ်လည်မှု၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှု၊ လျစ်လျူရှုမှုနှင့် မမှန်မကန်လုပ်ဆောင်မှုတို့အတွက် ပြည်ပဘဏ္ဍာရေးအဖွဲ့အစည်း နှစ်ခုအပါအဝင် စုစုပေါင်းလုပ်ငန်းအဖွဲ့အစည်းကိုးခုနှင့် လူပုဂ္ဂိုလ် ၂၅ ဦးတို့ကို တရားမမှုခြောက်မှုဖြင့် တရားစွဲဆိုခဲ့ပြီး SRC International ကုမ္ပဏီက လုပ်ငန်းအဖွဲ့အစည်းရှစ်ခုနှင့် လူ ၁၅ ဦးကို တရားမမှု ၁၆ မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရားစွဲဆိုခံရသည့် လုပ်ငန်းအဖွဲ့အစည်းများထဲတွင် Coutts & Co ပုဂ္ဂလိကဘဏ်နှင့် PetroSaudi International ၏ ကုမ္ပဏီခွဲများလည်းပါဝင်ပြီး မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၊ ထွက်ပြေးတိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းရှင် လိုတက်ဂျိုတို့ ပါဝင်ကြောင်း Edge က ဖော်ပြခဲ့သည်။
၂၀၀၉ ခုနှစ်တွင် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ပူးတွဲတည်ထောင်ခဲ့သော မလေးရှားအစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB တွင် ငွေကြေးခဝါချမှု၊ အကျင့်ပျက်ခြစားမှု စွဲချက်များနှင့်ပတ်သက်၍ နိုင်ငံခြောက်နိုင်ငံထက်မနည်း စုံစမ်းစစ်ဆေးခံနေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်