Top News

ဆိုက်ဘာတိုက်ခိုက်ခံရသည့် Colonial လောင်စာကုမ္ပဏီ၏ ကွန်ပျူတာကွန်ရက်အား ပိတ်ထားခဲ့သဖြင့် အမေရိကန်လေဆိပ်များ လောင်စာအခက်အခဲဖြစ်ပေါ်
24htopnews | December 12, 2024 5:12 PM CST

လူဦးရေထူထပ်သည့် အမေရိကန်အရှေ့ပိုင်း ပြည်နယ်များထံပေးပို့နေသည့်  အလွန်အရေးပါသော  လောင်စာကွန်ရက်ကို  ကုမ္ပဏီကပိတ်ပစ်ခဲ့ရသည့် ဆိုက်ဘာတိုက်ခိုက်ခံရမှု ပြန်လည်ကောင်းမွန် လာစေရေးအတွက် ပိုက်လိုင်းကုမ္ပဏီကိုကူညီရန် အမေရိကန်အစိုးရတာဝန်ရှိသူများသည် မေ ၉ ရက် တွင် လောင်စာပိုက်လိုင်းကုမ္ပဏီ Colonial နှင့် အနီးကပ်ဆောင်ရွက်ခဲ့ကြသည်။ 

Colonial ကုမ္ပဏီ၏ ပိုက်လိုင်းကွန်ရက်သည် ကမ္ဘာပေါ်တွင်ခရီးသည်တင်လေယာဉ်များ အတက်အဆင်း အများဆုံးပြုလုပ်နေသည့် အတ္တလန္တာ၏ဟတ်ဖီးလ်ဂျက်ဆင်လေဆိပ်အပါအဝင် အမေရိကန်လေဆိပ်ကြီးများကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီး ပိုက်လိုင်းဆက်လက်ပိတ်ထားမည်ဆိုပါက ဒေသတွင်းလောင်စာထောက်ပံ့မှုများကို သက်ရောက်နိုင်သည်ဟု ပညာရှင်များကပြောသည်။

“တစ်ရက်၊ နှစ်ရက်ပျက်တာတောင် အသေးအဖွဲအဆင်မပြေတာမျိုး တကယ်ဖြစ်ပါတယ်” ဟု Lipow Oil Associates ဥက္ကဌအန်ဒရူးလစ်ပိုက ပြောသည်။

လေးရက်သို့မဟုတ် ငါးရက်ခန့်ပျက်မည်ဆိုပါက အတ္တလန္တာအလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသတစ်ခုုလုံးကို ကြီးကြီးမားမားသက်ရောက်နိုင်သည်ဟု ၎င်းကပြောသည်။

ပိုက်လိုင်းကို ထိုမျှရက်ကြာကြာပိတ်ထားခြင်းရှိ၊ မရှိဆိုသည်မှာ ဟက်ကာများက Colonial ကွန်ရက်ကို မည်မျှနက်နက်ရှိုင်းရှိုင်း ထိုးဖောက်ခဲ့သည်ဆိုသည့် အချက်အပေါ်မူတည်နေပြီး မကြာမီဆိုက်ဘာလုံခြုံရေး ပညာရှင်များက ဗိုင်းရပ်စ်ဆော့ဝဲကို ရှင်းထုတ်ပစ်နိုင်မှု အပေါ်တွင်လည်း မူတည်နေသည်ဟုဆိုသည်။

ယခုဆိုက်ဘာတိုက်ခိုက်မှုသည် အနှောင့်အယှက်အဖြစ်ရဆုံး အကျပ်ကိုင်မှုတစ်ခုဖြစ်၍ အရေးကြီးသော အမေရိကန်စွမ်းအင်လုပ်ငန်းများကို ဟက်ကာများရန်မှ တင်းတင်းကျပ်ကျပ် အကာအကွယ်ပေးရန် အမေရိကန်အမတ်များ၏ တောင်းဆိုမှုများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

Colonial ဖြစ်ရပ် ပြင်းထန်မှုသည် ကွန်ပျူတာစနစ်များကို ပိတ်နေသည့် ransomware ဗိုင်းရပ်စ်ဆော့ဝဲက ပိုက်လိုင်းများကိုကြားခံ ဆက်သွယ်ပေးထားသည့်ကုမ္ပဏီ၏ လုပ်ငန်းဆိုင်ရာနည်းပညာကွန်ရက်ထဲသို့ ထိုးဖောက်ဝင်ရောက်မှုအပေါ် မူတည်နေသည်ဟုပညာရှင်များက ပြောကြားသည်။

ransomware ဗိုင်းရပ်စ်ဝင်ရောက်မှုနှင့် ပတ်သက်၍ Colonial ကုမ္ပဏီက ပြည်သူကို အရိပ်အယောင်ပြခြင်းမျိုး မရှိသေးသော်လည်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဒရာဂို့စ်၏ အမှုဆောင်ချုပ် ရောဘတ်အမ်လီးကမူ ကွန်ပျူတာစနစ်များတွင် ransomware ပျံ့နှံ့မှုများ မဖြစ်စေရန် Colonial ၏လုပ်ငန်းသုံး ကွန်ပျူတာကွန်ရက်ကို ကြိုတင်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။

အစိုးရ၏စုံစမ်းစစ်ဆေးမှုသည် အစောပိုင်းအဆင့်သာရှိနေသေးပြီး ဟက်ကာများသည် ပရော်ဖက်ရှင်နယ် ဆိုက်ဘာရာဇဝတ်အဖွဲ့က ဖြစ်ပုံရ၍ DarkSide အမည်ရှိအဖွဲ့သည် သံသယစာရင်းတွင် ပါဝင်နေသည်ဟု  ကျွမ်းကျင်သူများက ယူဆခဲ့ကြသည်။                                     


READ NEXT
Cancel OK