Top News

COVID-19 ကူးစက်မှုမြင့်တက်နေသည့် အိန္ဒိယတွင် စစ်ဘက်ဆေးဝန်ထမ်းဟောင်းများကို ပြန်လည်ခေါ်ယူမည်
24htopnews | December 12, 2024 5:12 PM CST

အိန္ဒိယနိုင်ငံတွင် နိုင်ငံတစ်ဝန်း Lockdown ချမှတ်ရန် ဒေါသတကြီးတောင်းဆိုမှုများ ထွက်ပေါ်နေသည့်ကြားမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် သေဆုံးသူများစံချိန်တင် မြင့်တက်နေစဉ်၎င်း၏ ယိုယွင်းနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထောက်ပံ့နိုင်ရန်အတွက်ရာနှင့်ချီသည့် စစ်ဘက်ဆေးဝန်ထမ်းဟောင်းများကို ပြန်လည်ခေါ်ယူသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက မေ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဆိုင်ရာ အရာရှိ ၄၀၀ ခန့်ကို အများဆုံး ၁၁ လ စာချုပ်ဖြင့် တာဝန်ထမ်းဆောင်ပေးရန် မျှော်မှန်းထားပြီး အခြားစစ်ဘက်ဆရာဝန်များကို အွန်လိုင်းမှအကြံဉာဏ်ပေးရန် လုပ်ဆောင်စေမည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အိန္ဒိယတွင် မေ ၉ ရက်၌ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄,၀၉၂ ဦးရှိသည့်အတွက် နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၄၂,၃၆၂ ဦးထိ မြင့်တက်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မေ ၉ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၀၃,၇၃၈ ဦးရှိသည့်အတွက်ဗိုင်း ရပ်စ်ကူးစက်ခံရသူပေါင်း ၂၂.၃ သန်းရှိလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

အိန္ဒိယသည် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းအတွင်း နေ့အလိုက်ကူးစက်ခံရသူနှင့် သေဆုံးသူအများဆုံးအဖြစ် စံချိန်တင်မြင့်တက်နေသည်။

ဆေးရုံများတွင် လူနာကုတင်များနှင့် အောက်ဆီဂျင်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အပြင် ရင်ခွဲရုံများနှင့် သုဿာန်များ၌လည်း အလောင်းများ စုပြုံပြည့်ကျပ်နေမှုနှင့်အတူ COVID-19 ကြောင့် အမှန်တကယ် ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေသည် တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏ ပြည်နယ်အများအပြားတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေသည့်အခြေအနေ လျော့ကျနိုင်ရန် လွန်ခဲ့သည့်တစ်လကျော်ခန့်က တင်းကျပ်သော Lockdown များချမှတ်ခဲ့ချိန်တွင် အခြားပြည်နယ်များ၌  အများပြည်သူသွားလာလှုပ်ရှားမှုများကို ကန့်သတ်ခြင်း၊ ရုပ်ရှင်ရုံများ၊စားသောက်ဆိုင်များ၊ အရက်ဆိုင်များနှင့် စျေးဝယ်စင်တာများကို ပိတ်ပင်ခြင်းစသည့် စည်းမျဉ်းများထုတ်ပြန်ခဲ့သည်။

သို့သော် ဝန်ကြီးချုပ်နရင်ဒရာမိုဒီအနေဖြင့် လွန်ခဲ့သည့်နှစ်ဗိုင်းရပ်ကူးစက်မှုလှိုင်းအတွင်း နိုင်ငံတစ်ဝန်း Lockdown ချမှတ်မှုကဲ့သို့ အလားတူ Lockdown တစ်ရပ်ချမှတ်ပေးရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

အိန္ဒိယဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း (IMA) က ပြည်နယ်များတွင် ရက်အနည်းငယ်မျှ ကာဖျူးမိန့်နှင့် ကန့်သတ်ချက်အမိန့်များကို ပြတ်တောင်းပြတ်တောင်းချမှတ်မည့်အစား ပြီးပြည့်စုံပြီးအစီအစဉ်တကျရှိသည့် Lockdown တစ်ရပ်ကို ချမှတ်ပေးရန်တောင်းဆိုခဲ့သည်။

ထို့ပြင် မိုဒီသည် COVID-19 ကူးစက်မှု မြင့်တက်နေသည့်တိုင် လွန်ခဲ့သည့်နှစ်လကျော်ခန့်က ကြီးမားသည့် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်ခွင့်ပေးခြင်း၊ဘာသာရေးအခမ်းအနားတစ်ခုတွင် လူအများအပြား စုဝေးခွင့်ပြုခြင်းအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

အိန္ဒိယတွင်ပေါ်ပေါက်ခဲ့သော ဗိုင်းရပ်စ်မျိုးကွဲသစ်သည် အလွန်ကူးစက်မြန်ပြီး ကာကွယ်ဆေး၏ ကာကွယ်နိုင်စွမ်းကိုရှောင်တိမ်းနိုင်ခြေ ရှိသည်ဟု WHO ၏သိပ္ပံပညာရှင် ဆိုမြာဆွာမီနာသန်က သတိပေးခဲ့သည်။


READ NEXT
Cancel OK