Top News

လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုရှိလာ
24htopnews | December 12, 2024 5:12 PM CST

အရှေ့တောင်အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ယခုမှစဖြစ်လာသည့်နိုင်ငံသည် လာအိုနိုင်ငံဖြစ်ပြီး မေ ၉ ရက်တွင် ဗိုင်းရပ်စ်ကြောင့် အမျိုးသမီးတစ်ဦး သေဆုုံးခဲ့သည်။

လာအိုနိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ ဖိစီးမှုဒဏ်ကို သိသိသာသာ မကြုံခဲ့ရသော်လည်း ပြီးခဲ့သည့်လက ပြည်တွင်းကူးစက်မှုဖြစ်လာရာမှ ကူးစက်သူ မြင့်တက်လာခဲ့သည်။ ဧပြီလအစောပိုင်းက လာအိုတွင်ကူးစက်သူ ၄၉ ဦးရှိခဲ့ပြီး နောက်တစ်လအတွင်း ကူးစက်သူ ၁,၃၀၂ ဦးအထိ ဖြစ်လာသည်။

နိုင်ငံပိုင်သတင်းဌာနအဆိုအရ သေဆုံးသူသည် ၅၃ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီးဖြစ်ပြီး မြို့တော်ဗီယင်ကျန်းရှိ ကာရာအိုကေဆိုင်တွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။

သူမတွင်ဆီးချိုနှင့် ရောဂါအခံများရှိသည်ဟု သိရသည်။ လာအိုတွင် မေ ၂၀ ရက်အထိ Lockdown ချထားပြီး မြို့တော်နှင့် အခြားပြည်နယ်များအကြား ကူးလူးသွားလာမှုကို တားမြစ်ထားသည်။

မေ ၉ ရက်အတွင်း အာဆီယံဒေသတွင်း၌ ပိုးတွေ့သူ ၁၇,၆၆၂ ဦးတိုးလာပြီး သေဆုံးသူ ၄၂၄  ဦးတိုးလာသည်။ အာဆီယံတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၃.၅၆ သန်း ဖြစ်လာပြီး သေဆုံးသူ  ၇ သောင်းကျော်ရှိ လာသည်။

အာဆီယံနိုင်ငံများအနက် ရောဂါစဖြစ်ချိန်မှစ၍ ကူးစက်သူအများဆုံးနိုင်ငံသည် အင်ဒိုနီးရှားဖြစ်ပြီး ဖိလစ်ပိုင်နှင့် မလေးရှားတို့က ဒုတိယနှင့် တတိယနေရာတွင်ရှိနေသည်။

မြန်မာနှင့်ထိုင်းသည် စတုတ္ထနှင့်ပဥ္စမနေရာတွင် ရှိနေသည်။ ကူးစက်သူအနည်းဆုံးနိုင်ငံမှာ ဘရူနိုင်းဖြစ်ပြီး ဘရူနိုင်းတွင်သေဆုံးသူ ၃ ဦးသာရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်လူသေဆုံးမှု အနည်းဆုံးနိုင်ငံများအဖြစ် လာအိုတွင် ၁ ဦး၊  ဘရူနိုင်း ၃ ဦး၊ စင်ကာပူ ၃၁  ဦး နှင့် ဗီယက်နမ်တွင် ၃၅ ဦးသေဆုံးခဲ့သည်။

တင်းကျပ်သည့်အစီအမံများဖြင့် ကပ်ရောဂါကို ထိန်းထားနိုင်သည့် ဗီယက်နမ်တွင်  ပြည်ပမှဝင်ရောက်လာသူများအတွက် ကွာရန်တင်းကာလကို ၃ ပတ်အထိတိုးမြှင့်လိုက်သည်။

အိန္ဒိယကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံထားရသူ ၄ ဦးကို ဗီယက်နမ်တွင် တွေ့ထားသည်ဟုလည်း ဧပြီနှောင်းပိုင်းကကြေညာခဲ့သည်။

ထို့ပြင်မြန်မာ၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင်လည်း အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံထားရသူများ ရှိနေပြီဟု မေ ၉ ရက်က ကြေညာခဲ့သည်။

ယခုနောက်ပိုင်းကူးစက်မှုများ သိသိသာသာတက်လာသည့် ထိုင်းနိုင်ငံတွင်လည်း  ဗိုင်းရပ်စ်တတိယလှိုင်းကိုထိန်းချုပ်နိုင်ရန် ကြိုးစားနေရပြီး ကူးစက်မြန်ဗိုင်းရပ်စ်ပိုးသစ်များ နိုင်ငံအတွင်းပျံ့နှံ့လာမည်ကို စိုးရိမ်မှုကြောင့် တရားမဝင်ရောက်ရှိလာမှုများ မဖြစ်စေရန် နယ်စပ်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်လျက်ရှိသည်။

မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့နှင့် ထိစပ်နေသည့် နယ်စပ်အားလုံးတွင် ထိုင်းဘက်ကလုံခြုံရေး တိုးမြှင့်ထားသည်။အာရှတိုက်တစ်တိုက်လုံးတွင်မူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၃ သန်းကျော်ရှိပြီး သေဆုံးသူပေါင်း ၅၆၀,၀၀၀ ကျော်ရှိနေသည်။


READ NEXT
Cancel OK