
ကိုကင်းပမာဏအများအပြားကို တရားမဝင် သယ်ဆောင်ရန် ကြံစည်မှုတွင် ပါဝင်သည်ဟု သံသယရှိသော ဗြိတိန်နိုင်ငံ၏အလိုအရှိဆုံး ဝရမ်းပြေးတစ်ဦးဖြစ်သည့် အသက် ၃၅ နှစ်အရွယ် မိုက်ကယ်ပေါမူဂန်းကို ဒူဘိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု အာဏာပိုင်များက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်သူများနှင့် မူးယစ်ဂိုဏ်းများအကြားတွေ့ဆုံ၍ အစည်းအဝေးပြုလုပ်လေ့ရှိသည်ဟု သံသယရှိသော ရော့တာဒမ် ကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှစ၍ လီဗာပူးမြို့တွင်နေထိုင်သည့် မူဂန်းသည် ရှစ်နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။
ယင်းကော်ဖီဆိုင်သည် သီတင်းအပတ်စဉ်တိုင်း ဗြိတိန်နိုင်ငံတွင်းသို့ ကိုကင်းရာနှင့်ချီသည့် ကီလိုပေါင်းများစွာကို သယ်ဆောင်ရန်လျှို့ဝှက်ကြံစည်မှု၏ အဓိကဗဟိုချက်နေရာဖြစ်သည်ဟု ဒူဘိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
မူဂန်းသည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုမှ လွတ်မြောက်နိုင်ရန်အတွက် ကွဲပြားခြားနားသည့် မှတ်ပုံတင်များကိုအသုံးပြုခဲ့ပြီး နိုင်ငံသားခံယူမှုနှင့် ၎င်း၏အမည်ကို လိမ်ညာကာ ယူအေအီးနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့သည်။
မူဂန်းအား ခြေရာခံတွေ့ရှိခဲ့ပြီးနောက် စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်ခဲ့ပြီး ဧပြီ ၁၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
“ဒီလို ဖမ်းဆီးနိုင်ခဲ့တာဟာ ဗြိတိန်၊ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေး မဟာမိတ်တွေရဲ့ နှစ်ပေါင်းများစွာကြာ ပူးပေါင်းစုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံ၏ အမျိုးသားရာဇဝတ်မှု အေဂျင်စီ (NCA) ၏ စုံစမ်းထောက်လှမ်းရေး ညွှန်ကြားရေးမှူး နစ်ကီဟောလန်က ပြောကြားခဲ့သည်။
လက်တင်အမေရိကမှ ဥရောပသမဂ္ဂအထိ မူးယစ်ဆေးဝါးများ တင်သွင်းမှုအစီအစဉ်တွင် ပါဝင်သည့်သံသယရှိသူများဖြစ်သော မူဂန်းနှင့်၎င်း၏တွဲဖက်များကို ပစ်မှတ်ထားခဲ့သည်ဟု NCA က ဆိုသည်။
၎င်း၏ စုံစမ်းစစ်ဆေးသူများသည် မူဂန်းနှင့်အခြား ဗြိတိန်အမျိုးသားနှစ်ဦးအပြင် အများပြည်သူများအတွက် ဖွင့်လှစ်ခြင်းမဟုတ်ဘဲ လုံခြုံရေးစနစ်မှတစ်ဆင့်သာဝင်ရောက်နိုင်သည့် ရော့တာဒမ်ကော်ဖီဆိုင်နှင့် ချိတ်ဆက်ခဲ့သည်။
ယင်းကော်ဖီဆိုင်သို့ ဝင်ရောက်စီးနင်းစဉ် မန်ချက်စတာမြို့မှ အသက် ၇၁ နှစ်အရွယ် ရောဘတ်ဟာမီတန်ဆိုသူ အမျိုးသားတစ်ဦးကိုသာ တွေ့ရှိခဲ့ပြီး ထိုသူအား ၂၀၁၄ ခုနှစ်က ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခဲ့သည်။
နောက်ထပ်အမျိုးသားတစ်ဦးဖြစ်သည့် လီဗာပူးမြို့မှ အသက် ၅၇ နှစ်အရွယ် ရောဘတ်ဂါရတ်ဆိုသူသည် သုံးနှစ်ကြာထွက်ပြေး တိမ်းရှောင်ခဲ့ပြီးနောက် ဖိအားအများအပြားရှိသည့်အတွက် ၎င်းကိုယ်တိုင် NCA ထံတွင် သွားရောက်အဖမ်းခံခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။
“မူဂန်းအနေနဲ့ ယခုအချိန်မှ တရားရေးအဆုံးအဖြတ် ခံယူရတော့မှာဖြစ်တဲ့အတွက် ကူညီပေးခဲ့တဲ့ မိတ်ဆွေတွေအားလုံးကို အလွန်ကျေးဇူးတင်ပါတယ်” ဟု ဟောလန်က ပြောကြားခဲ့သည်။
“ဒီအမှုဟာ NCA လက်ထဲက ထွက်ပြေးနေသူတွေအတွက် သတိပေးလိုက်တဲ့အမှု ဖြစ်ပါတယ်။မူဂန်းကတော့ ဗြိတိန်နိုင်ငံကို ပြန်ပြီးတရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်” ဟု ဟောလန်က ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်