Top News

ပြီးခဲ့သည့်လအတွင်း တရုတ်၏ ပို့ကုန်ပမာဏ ခန့်မှန်းထားသည်ထက် ကျော်လွန်ခဲ့ပြီး သွင်းကုန်ပမာဏမှာ ၁၀ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့
24htopnews | December 12, 2024 5:12 PM CST

ပြီးခဲ့သည့်လအတွင်း တရုတ်နိုင်ငံ၏ ကုန်တင်ပို့မှုပမာဏသည် ခန့်မှန်းထားသည်ထက်ပိုများခဲ့ပြီး သွင်းကုန်ပမာဏမှာ ၁၀ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း မေ ၇ ရက်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ဦးမော့လာခြင်း၊ ပြည်တွင်းကုန်ပစ္စည်းသုံးစွဲမှု ပြန်လည်မြင့်တက်လာခြင်းတို့နှင့်အတူ ကမ္ဘာတစ်ဝန်း၌ COVID-19 ကာကွယ်ဆေးများ ဖြန့်ဝေခြင်း၊ စီးပွားရေးကို ထိခိုက်စေသည့် Lockdown စီမံချက်များကို ဖြေလျှော့ပေးခြင်းတို့ကြောင့် ယခုနှစ်အတွင်း တရုတ်၏ကုန်ပစ္စည်းများကို ဝယ်လိုအားမြင့်တက်လာခဲ့သည်။

အီလက်ထရောနစ်ပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းဝယ်လိုအား သိသိသာသာမြင့်တက်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ၂၀၂၀ ဧပြီလနှင့်ယှဉ်ပါက ယခုနှစ်ဧပြီလတွင် ပြည်ပသို့ တရုတ်၏ ကုန်စည်တင်ပို့မှုသည် ၃၂.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ Bloomberg ၏စစ်တမ်းအတွင်း ခန့်မှန်းထားသည့်နှုန်းထက် ပို့ကုန်ပမာဏမြင့်တက်မှု ၂၄.၁ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့သည်။

“ဖွံ့ဖြိုးပြီးနိုင်ငံတွေ အထူးသဖြင့် အမေရိကန်နိုင်ငံမှာ စီးပွားရေးလှုံ့ဆော်မှုက အဲ့နိုင်ငံတွေရဲ့ တရုတ်ထုတ်ကုန်မှာယူမှုကို အားဖြည့်ပေးနေပါတယ်” ဟု Nomura ဥက္ကဋ္ဌ တရုတ်စီးပွားရေးပညာရှင် Lu Ting က ပြောကြားခဲ့သည်။

အိန္ဒိယအပါအဝင် စီးပွားရေးစျေးကွက် ကြီးထွားနေသည့်နိုင်ငံများ၌ COVID-19 ကူးစက်ပျံ့နှံ့မှု ဆိုးဆိုးရွားရွားဖြစ်ပွားနေခြင်းက တရုတ်၏ပို့ကုန်လုပ်ငန်းကို ကျားကန်ပေးနေကြောင်း၊ အိန္ဒိယနိုင်ငံသည် ရောဂါကာကွယ်ရေးပစ္စည်းများကို ဝယ်ယူရန် တရုတ်နိုင်ငံကို တစ်စိတ်တစ်ပိုင်း အားထားနေရကြောင်း Lu Ting က ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်ခဲ့ခြင်းနှင့်အတူ ပြီးခဲ့သည့်နှစ်တွင် ဒုက္ခသုက္ခ အများအပြားကြုံတွေ့ခဲ့ရပြီးနောက် တရုတ်ပြည်သူအများအပြားသည် ၎င်းတို့၏ နေ့စဉ်ပုံမှန်နေထိုင်မှုဘဝသို့ ပြန်လည်ဦးတည်နေကြပြီဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် တရုတ်နိုင်ငံ၏သွင်းကုန် ပမာဏသည် ၄၃.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ထိုပမာဏသည် ခန့်မှန်းထားသည်ထက် အနည်းငယ်လျော့နည်းသော်လည်း ၂၀၁၁ ခုနှစ်အစောပိုင်း ကာလနောက်ပိုင်း သွင်းကုန်ပမာဏ အမြင့်ဆုံးဖြစ်ခဲ့သည်။

ကုန်စျေးနှုန်းမြင့်မားနေခြင်းကလည်း တရုတ်၏သွင်းကုန်၊ ပို့ကုန်ပမာဏကို မြင့်တက်စေခဲ့သည့် အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ကာ သံသတ္တုရိုင်းနှင့် ကြေးနီစျေးနှုန်း မြင့်တက်မှုမှာ စံချိန်တင်လုနီးဖြစ်နေသည်။

နိုင်ငံ့စီးပွားရေးကို အစိုးရရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ပစ္စည်းတင်ပို့မှုဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်ခြင်းလမ်းစဉ်မှ ပြည်တွင်းစားသုံးသူများ၏ ဝယ်လိုအားကိုပိုမိုအားထား မှီခိုခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းသို့ ပြန်လည်ချိန်ကိုုက်ရန် ကြိုးပမ်းနေသည့် တရုတ်အစိုးရ ခေါင်းဆောင်များအတွက် ပို့ကုန်၊ သွင်းကုန်ပမာဏ မြင့်တက်မှုသည် အားတက်စရာဖြစ်နေသည်။

သွင်းကုန်တန်ဖိုးများ မြင့်တက်နေခြင်းသည် ငွေကြေးဖောင်းပွမှုကို ပိုမိုမြင့်မားစေနိုင်သလို ပြည်တွင်း၌ ကုန်ပစ္စည်းဝယ်လိုအားကိုလည်း ကျဆင်းသွားစေနိုင်ကြောင်း Lu က သတိပေးခဲ့သည်။

ဧပြီလတွင် အမေရိကန်နှင့် ကုန်သွယ်မှုမှရရှိသော ကုန်သွယ်မှုပိုငွေသည် ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၈. ၁ ဘီလျံရှိခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK