Top News

အီရန်က ဗြိတိန်သင်္ဘောအား စစ်ဆေးနေပြီး ဗြိတိန်က အရေးပေါ်အစည်းအဝေးကျင်းပမည်
24htopnews | December 12, 2024 8:12 PM CST

အီရန်က ၎င်းတို့ဖမ်းဆီးထားသည့် ဗြိတိန်ရေနံတင်သင်္ဘော၏ ကံကြမ္မာသည် စုံစမ်း စစ်ဆေးမှုရလဒ်အပေါ် မူတည်နေကြောင်း ဇူလိုင် ၂၁ ရက်တွင် သတိပေးခဲ့စဉ် ဗြိတိန်ကလည်း အီရန်၏ လုပ်ရပ်အတွက် အရေးပေါ် အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်သည်။ အလွန်အမင်းအရေးကြီးသော ဟော်မုဇ်ရေလက်ကြားတွင် အီရန်တော်လှန်ရေးအစောင့်တပ်က အမှုထမ်း ၂၃ ဦးလိုက်ပါလာသည့် ဗြိတိန်သင်္ဘော Stena Impero အား ဇူလိုင်  ၁၉ ရက်တွင် သိမ်းယူခဲ့ပြီးနောက် အီရန်အာဏာပိုင်များက ထိုသင်္ဘောအား ဘန်ဒါအဘားစ် ဆိပ်ကမ်းအလွန်တွင် တရားဝင်ဖမ်းဆီးခဲ့သည်။

အီရန်တပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်ပေါ်မှ ကြိုးတစ်ချောင်းဖြင့်တွယ်ဆင်းပြီး ထိုရေနံတင်သင်္ဘောပေါ်သို့ မဆင်းမီ အီရန်ကင်းလှည့်အမြန်ရေယာဉ်များက Stena Impero အား ၀ိုင်းရံထားမှုကို ရိုက်ကူးထားသော ဗီဒီယိုအပိုင်းအား အီရန်က ထုတ်ပြန်ပေးခဲ့သည်။ ရေဒီယိုဖြင့် အပြန်အလှန်ပြောကြားထားသည့် အသံမှတ်တမ်းတစ်ခုတွင် အီရန်တာဝန်ရှိသူတစ်ဦးက ရေနံတင်သင်္ဘော အား လမ်းကြောင်းချက်ချင်းပြောင်းလျှင် ဘေးကင်းမည်ဟု ပြောကြားနေမှုကို ကြားခဲ့ရသည်ဟု ဆိုသည်။

ဗြိတိန်ဖရီးဂိတ်သင်္ဘော HMS Montrose က Stena သင်္ဘောအား အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်း ဖြတ်သန်းသွားလာနေမှုကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ပိတ်ဆို့ခြင်း မရှိစေရဟု အသိပေးရန် ကြားဝင်ခဲ့သည်။ အီရန်တာဝန်ရှိသူများကမူ မည်သည့်စိန်ခေါ်မှုကိုမျှ မရည်ရွယ်ကြောင်း၊ ထိုသင်္ဘောအား လုံခြုံရေးအကြောင်းပြချက်အတွက် စစ်ဆေးမေးမြန်းလိုကြောင်း ဗြိတိန်စစ်သင်္ဘောကို ပြန်လည်ပြောကြားခဲ့သည်။

ကမ္ဘာ့ရေနံတင်ပို့မှုအားလုံး၏ သုံးပုံတစ်ပုံ တင်ပို့သည့်လမ်းကြောင်း၏ မဟာဗျူ ဟာမြောက်နေရာဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ရှောင်လွှဲရန် လန်ဒန်က ၎င်း၏သင်္ဘောများအား သတိပေးခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဂျရီမီဟန့်က ဇူလိုင် ၂၁ ရက်တွင် ပြင်သစ်၊ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးခဲ့ပြီး ဟော်မုဇ်ရေလက်ကြားအား သင်္ဘောများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခွင့်ရရှိမှုသည် ဥရောပနိုင်ငံများအတွက် ဦးစားပေးဖြစ်ကြောင်း သဘောတူခဲ့ကြသည်။

သင်္ဘောအမှုထမ်းများ ဘေးကင်း

ဗြိတိန်သင်္ဘောသည်  ငါးဖမ်းသင်္ဘော တစ်စင်းအားတိုက်မိခဲ့ပြီးနောက် အကူအညီ တောင်းခံမှုအား တုံ့ပြန်ရန် ပျက်ကွက်ခဲ့ပြီး အချက်ပြမှုများအား အလိုအလျောက် လက်ခံရရှိသည့်စက်ကို ပိတ်ခဲ့ကြောင်း စွပ်စွဲလျက် အီရန်က ထိုရေနံတင်သင်္ဘောအား စုံစမ်းစစ်ဆေးနေသည်။ ထိုသင်္ဘောပေါ်တွင် သင်္ဘောကပ္ပတိန်အပါအဝင် အိန္ဒိယနိုင်ငံသား ၁၈ ဦး၊ ရုရှားသုံးဦး၊ လတ်ဗီးယားတစ်ဦးနှင့် ဖိလစ်ပိုင်တစ်ဦးတို့ လိုက်ပါလာသည်။

၎င်းတို့အားလုံးသည် ကျန်းမာရေးအပြည့်အဝကောင်းမွန်ကြောင်း၊ ဘေးကင်းသော နေရာတစ်ခု၌ ထိန်းသိမ်းထားကြောင်း ဟော်မော့ဇ်ဂန်ပြည်နယ်ဆိပ်ကမ်းနှင့် ရေကြောင်းအာဏာပိုင်အဖွဲ့မှ အလာမိုရက်အဖီဖီပူဝါးက ပြောကြားခဲ့သည်။                          

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ထိပ်တန်း ကိုယ်စားလှယ် ယော်နသန်အယ်လန်က ဗြိတိန်ရေနံတင်သင်္ဘောနှင့်ပတ်သက်၍ အီရန်ဘက်မှ ထုတ်ပြန်မှုများအား ပယ်ချခဲ့ပြီးအီရန်၏ လုပ်ရပ်သည် တရားမဝင် ဝင်ရောက်စွက်ဖက်မှုဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ ဗြိတိန်သင်္ဘောသည် ချဉ်းကပ်ခံရချိန်တွင် အိုမန်ရေပြင်၌ အချက်ပြမှုများအား အလိုအလျောက်လက်ခံရရှိသည့် စက်ကိုဖွင့်၍ ခုတ်မောင်းနေကြောင်း၊ သင်္ဘောတိုက်မိခဲ့သည့်မည်သည့် အထောက်အထားမျှ မရှိခဲ့ကြောင်း ၎င်းက ကုလလုံခြုံရေးကောင်စီထံ ပေးပို့သောစာတွင် ဖော်ပြခဲ့သည်။ ဗြိတိန်သင်္ဘောသည် အပြည်ပြည်ဆိုင်ရာ ရေလက်ကြားတွင် ဥပဒေနှင့်အညီ ဖြတ်သန်းခုတ်မောင်းနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။Ref ; AFP


READ NEXT
Cancel OK