
ထိုင်းနိုင်ငံတွင် ကယ်တင်ခဲ့ရသည့် လူကုန်ကူးခံရသူများ အရေအတွက်မှာ ယခုနှစ်တွင် စံချိန်သစ် တင်လုနီးပါး မြင့်တက်နေပြီ ဖြစ်ကြောင်း ထိုင်းအစိုးရ၏ စာရင်းဇယားများအရ သိရသည်။ ထိုင်း၏ အိမ်နီးချင်း မလေးရှားနိုင်ငံတွင် စျေးပေါသည့် လုပ်အားတောင်းဆိုမှု မြင့်တက်နေမှုက တရားမဝင် လူကုန်ကူးမှုကို ခုန်တက်စေခဲ့ခြင်းလည်း ဖြစ်သည်။
ယခုနှစ်တွင် ယခုနောက်ဆုံးအချိန်ထိ ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရသည့် လူကုန်ကူးခံရသူ အရေအတွက်သည် ၉၇၄ ဦး ရှိနေပြီဖြစ်ရာ လွန်ခဲ့သည့်နှစ်က တစ်နှစ်လုံးအတွက် ရှိခဲ့သည့် ၆၂၂ ဦး၊ ၂၀၁၅ ခုနှစ်က တစ်နှစ်စာ မြင့်တက်ခဲ့သည့် ၉၈၂ ဦးတို့နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ယခု စာရင်းဇယားများကို လွန်ခဲ့သည့် သီတင်းပတ်အတွင်း ထိုင်းအစိုးရ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီ နှစ်များအတွင်းက ထိုင်းနိုင်ငံသည် အထူးသဖြင့် ပင်လယ်စာလုပ်ငန်းနှင့် လိင်ဖျော်ဖြေမှု ကဏ္ဍများ၌ လူကုန်ကူးမှုနှင့် ကျွန်ပြုမှုတို့အတွက် ပြင်းထန်သော ဝေဖန်မှုများအောက်သို့ ရောက်ရှိခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဌာန၏ ယခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာတွင် ထိုင်းနိုင်ငံကို စောင့်ကြည့်ရေး စာရင်းထဲ ဆက်လက် ထည့်သွင်းထားဆဲဖြစ်ပြီး လူကုန်ကူးမှု ပြဿနာကို လုံလောက်စွာ ကိုင်တွယ်ခဲ့ခြင်း မရှိမှုအတွက် ထိုင်းနိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့သည်။
“ဒီနှစ်စာရင်းက စံချိန်တင်မြင့်တက်ဖို့ ဖြစ်နိုင်ခြေ များနေပါတယ်။ လူကုန်ကူးခံရသူ အများအပြားက သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောကြပါတယ်” ဟု လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယအကြီးအကဲ ရဲမှူးကြီး မာနာကလီးဆတ္တာဘတ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ စာရင်းဇယားများအရ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအခြေချသူ ၄.၉ သန်းခန့်ရှိပြီး ယင်းသည် ထိုင်းနိုင်ငံ လုပ်သားအင်အား စုစုပေါင်း၏ ရာခိုင်နှုန်း ၁၀ ကျော်ရှိကြောင်း သိရသည်။ ယင်းရွှေ့ပြောင်းလုပ်သား အများစုသည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ အပါအဝင် ပို၍ ဆင်းရဲသော အိမ်နီးချင်းနိုင်ငံများမှ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကလီးဆတ္တာဘတ်က ကယ်တင်ခဲ့ရသည့် လူကုန်ကူးခံရသူ အများစုသည် မလေးရှားရှိ စက်ရုံများ၌ ဘတ်ငွေ ၂၀,၀၀၀- ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၅၀-၉၇၅) ဖြင့် အလုပ်လုပ်ရန် ပွဲစားများ သို့မဟုတ် အေဂျင်စီများက စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လူကုန်ကူးခံရသူ အများအပြားကို မလေးရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံ တောင်ပိုင်းသို့ ခေါ်ဆောင်သွားစဉ် ကယ်ဆယ်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ တွေ့ရှိရတာကတော့ တောအုပ်တွေထဲမှာ၊ လူသူဝေးတဲ့ တဲတွေအတွင်းမှာ ဆိုးရွားတဲ့ အခြေနေရပ်တွေနဲ့ ထိန်းသိမ်းထားတယ် ဆိုတာပဲ။ ဒါတွေက သူတို့ကို ခေါ်ဆောင်လာတဲ့ သူတွေမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိကြောင်း ပြသနေတာပါပဲ” ဟု ကလီးဆတ္တာဘတ်က ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
“ပိုပြီး အရေးကြီးတာက လူကုန်ကူးခံရသူတွေဟာ သူတို့ လိမ်လည် လှည့်ဖြားခံရကြောင်း သူတို့ကိုယ်တိုင် သိမြင်ခြင်း မရှိတာနဲ့ သူတို့ရဲ့ခရီးလမ်းဆုံးကို ရောက်နိုင်ဖို့ ဒုက္ခတွေကို ကြံ့ကြံ့ခံတတ်ကြတာပါပဲ” ဟုလည်း ကလီးဆတ္တာဘတ်က ပြောကြားခဲ့သည်။
ဖမ်းဆီးမှုမြင့်တက်လာခြင်းက သက်ဆိုင်ရာ အာဏာပိုင်များ ဖမ်းဆီးမိနိုင်ခြေ နည်းပါးပြီး စျေးသက်သာသည့် အခြားရေကြောင်းလမ်းများကို အသုံးပြုသည့် လူကုန်ကူးမှုများ မြင့်တက်လာခြင်းဆီသို့ ဦးတည်သွားနိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်