Top News

အိန္ဒိယက လပေါ်သို့ ဆင်းသက်မည့် သမိုင်းဝင် အာကာသခရီးစဉ်ကို အောင်မြင်စွာ လွှတ်တင်
24htopnews | December 12, 2024 8:12 PM CST

လကမ္ဘာ၏ မျက်နှာပြင်ပေါ်သို့ အာကာသယာဉ် စေလွှတ်ပေးမည့် ဒုံးအား အိန္ဒိယက ဇူလိုင် ၂၂ တွင် လွှတ်တင်ခဲ့ပြီး အာကာသအင်အားကြီး ဖြစ်လာရန် ကြိုးပမ်းမှုအတွက် စာမျက်နှာသစ် ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယ၏ လကမ္ဘာသွား အာကာသယာဉ်ကို Chandrayaan-2 ဟု အမည်ပေးထားပြီး ထိုယာဉ်တွင် လကမ္ဘာပတ် ယာဉ်တစ်စင်း၊ လပေါ်သို့ ဆင်းသက်မည့် ယာဉ်တစ်စင်း၊ ယင်းယာဉ်ကို သယ်ချပေးမည့် ယာဉ်တစ်စင်း ပါဝင်မည်ဖြစ်သည်။ အင်ဒရာပရာဒေ့ရှ်ပြည်နယ် ကမ်းလွန်ရှိ ဆာတစ်ဒါဝမ် အာကာသစင်တာ မှနေ၍ အိန္ဒိယ၏ Chandrayaan-2 ကို ဒေသစံတော်ချိန် ၂ နာရီ ၄၃ မိနစ်၌ လွှတ်တင်ခဲ့သည်။

အာကာသယာဉ်ကို သယ်ဆောင်သွားသောဒုံးက အိန္ဒိယသမုဒ္ဒရာ၏ မီးခိုးရောင် ကောင်းကင်ပေါ်တွင် ပေါက်ကွဲ ပျံတက်ခဲ့ပြီးနောက် အားပေးချီးမြှောက်သံများ လျှံတက်ခဲ့သည်။ အာကာသယာဉ်သည် ဒုံးမှနေ၍ အောင်မြင်စွာ ခွဲထွက်သွားခဲ့ပြီး ဖြစ်ကြောင်း ထိန်းချုပ်ရေးစခန်းက ကြေညာခဲ့သည်။

“ဒီနေ့ဟာ အိန္ဒိယရဲ့ အာကာသ၊ သိပ္ပံ နဲ့ နည်းပညာကဏ္ဍတို့အတွက် သမိုင်းဝင်နေ့ တစ်နေ့ပါ” ဟု အိန္ဒိယ အာကာသသုတေသနအဖွဲ့ ISRO ၏ ဥက္ကဋ္ဌ ကေစီဗန်က ပြောကြားခဲ့သည်။ အိန္ဒိယသည် လပေါ်သို့ အာကာသယာဉ် စေလွှတ်နိုင်သော နိုင်ငံများစာရင်းတွင် ရုရှား၊ အမေရိကန်နှင့် တရုတ်တို့ ပြီးလျှင် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာရန် ကြိုးပမ်းနေသည်။ ပြီးခဲ့သည့် သီတင်းပတ်က အာကာသယာဉ်ကို လွှတ်တင်ရန် စီစဉ်ထားခဲ့သော်လည်း လောင်စာယိုစိမ့်မှု ပြဿနာကြောင့် လွှတ်တင်ရန် ၅၆ မိနစ်ခန့်အလိုတွင် မစ်ရှင်ကို ဖျက်သိမ်းခဲ့သည်။

၂.၄ တန် (ပေါင် ၅၃၀၀) လေးသော လကမ္ဘာပတ်မည့် အာကာသယာဉ်သည် လကို တစ်နှစ်ခန့် လှည့်ပတ်နေမည်ဖြစ်ပြီး လမျက်နှာပြင်ကို ဓာတ်ပုံရိုက်ယူမည် ဖြစ်သည်။ အိန္ဒိယ အာကာသအစီအစဉ်၏ ရှေ့ဆောင်ပုဂ္ဂိုလ် ဖြစ်သော ၀ိကရန်အေဆာရာဘိုင်ကို အမည်ပြု၍ မှည့်ခေါ်ထားသော လ ပတ်ယာဉ်သည်  လ၏ မျက်နှာပြင်ပေါ်တွင် ရေ ရှိ၊ မရှိကို စူးစမ်း လေ့လာမည် ဖြစ်သည်။ ထိုယာဉ်သည် လ၏ တောင်ဘက် ဝင်ရိုးစွန်းအနီး မျက်နှာပြင်ပေါ်၌ Pragyan ယာဉ်ကို ချပေးမည် ဖြစ်သည်။ လပေါ်သို့ အာကာသယာဉ် ခြေချမှုကို စက်တင်ဘာ အစောပိုင်းတွင် ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်။

အိန္ဒိယသည် အာကာသအင်အားကြီးနိုင်ငံများ စာရင်းသို့ ဝင်ရောက်နိုင်ခဲ့သည့်အပြင် စရိတ်သက်သာစွာဖြင့် ဆောင်ရွက်နိုင်ခဲ့မှု အတွက်လည်း မှတ်တမ်းဝင်ခဲ့သည်။ လကမ္ဘာ ခရီးစဉ်အတွက် အိန္ဒိယသည် ဒေါ်လာ သန်း ၁၄၀ ခန့် သုံးစွဲခဲ့ပြီး အခြားနိုင်ငံများ၏ လကမ္ဘာခရီးစဉ်များနှင့် နှိုင်းယှဉ်ပါက အလွန်အမင်း စရိတ်သက်သာသည်။    


READ NEXT
Cancel OK