Top News

တရုတ်နယ်စပ် လုံခြုံရေးနှင့် မြန်မာရှိ တရုတ်စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုဟု တရုတ်ပြောကြား
24htopnews | December 12, 2024 10:12 PM CST

တရုတ်နယ်စပ်လုံခြုံရေးနှင့် မြန်မာရှိ တရုတ်စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကိုကာကွယ်ရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်းက ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၀ ရက်ကပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် KIO ဥက္ကဋ္ဌ အား တရုတ်နိုင်ငံက ခေါ်ယူတွေ့ဆုံ နေမှုနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ်  မစ္စမော်နင်းက ထိုသို့ဖြေကြားခြင်းဖြစ်သည်။

မစ္စမော်နင်းက" တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခနှင့် မငြိမ်မသက်မှုများကို နောက်ဆုံးအနေဖြင့် တွေ့မြင်ရဖို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုထားပါတယ်။ အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်ပြီး တရုတ်နယ်စပ်လုံခြုံရေးနှင့် မြန်မာနိုင်ငံရှိ တရုတ်ပရောဂျက်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆိုထားပါတယ်"ဟု ပြောကြားသည်။

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို တက်ကြွစွာ မြှင့်တင်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစွမ်းကုန် ပံ့ပိုးကူညီမှုများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း မစ္စမော်နင်းက ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဖွဲ့ချင်းဖြစ်စေ မြန်မာနိုင်ငံဘက်ခြမ်းတွင်လည်းကောင်း၊ တရုတ်နိုင်ငံဘက်တွင်လည်းကောင်း တရုတ်နိုင်ငံအာရှရေးရာ အထူးကိုယ်စားလှယ်မှတစ်ဆင့် တွေ့ဆုံလေ့ရှိပြီး ယခု KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ခေါ်ယူတွေ့ဆုံခြင်းသည် မည်သူနှင့်တွေ့ဆုံဆွေးနွေးမည်ကို ကွဲကွဲပြားပြားမသိရပေ။

လက်ရှိတွင် KIO လက်အောက်ခံ KIA နှင့်ပူးပေါင်းတပ်များသည် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများသည် ဗန်းမော်မြို့မှ ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေရသည်။

 KIA နှင့်ပူးပေါင်းတပ်များသည် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းထိန်းချုပ်ထားခဲ့သည့် ကချင်အထူးဒေသ(၁)ရှိ နယ်ခြားစောင့်တပ်များကိုတိုက်ခိုက်ခဲ့ပြီး ပန်ဝါ၊ ကန်ပိုက်တီး ဒေသများကို ဝင်ရောက်ထိန်းချုပ်ထားသည်။

ကချင်အထူးဒေသတွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများရှိပြီး ယင်းသတ္တုများကို တရုတ်နိုင်ငံသို့တင်ပို့နေခြင်းဖြစ်ကာ လက်ရှိတွင် KIA က ယင်းဒေသများကိုထိန်းချုပ်ထားသဖြင့် တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စရပ်အပြင် မြေရှားသတ္တုတူးဖော်ရေးအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့်ပတ်သက်၍ ဆွေးနွေးရန်ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံ၏ ကြားဝင်ကြိုးပမ်းမှုကို အသိအမှတ်ပြုသောအားဖြင့် တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်မည်ဖြစ်ကြောင်း  TNLA နှင့် MNDAA တို့က သီးခြားစီကြေညာချက်များထုတ်ပြန်ထားသည်။

MNDAA အဖွဲ့ ခေါင်းဆောင်ဖုန်တာရွှင်ကို အောက်တိုဘာလကုန်ပိုင်းတွင် အကြီးတန်း တရုတ်တာဝန်ရှိသူနှင့် တွေ့ဆုံရေးအတွက် ဆင့်ခေါ်ပြီးကတည်းက ယူနန်တွင် ထိန်းသိမ်းထားခဲ့သည်ဟု မြန်မာသတင်းဌာနအချို့က နိုဝင်ဘာလအတွင်း

 သတင်းဖော်ပြခဲ့ရာ ဖုန်တာရွှင်သည် ယူနန်တွင်ဆေးကုသမှုခံယူနေခြင်းသာဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန်းက  နိုဝင်ဘာ ၁၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားထားသည်။

MNDAA၊ TNLA နှင့် AA အဖွဲ့တို့အား အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် မြန်မာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။


READ NEXT
Cancel OK