Top News

တောင်ကိုရီးယားသမ္မတရုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်းက သေကြောင်းကြံစည်ရန် ကြိုးပမ်း
24htopnews | December 12, 2024 10:12 PM CST

တောင်ကိုရီးယား သမ္မတရုံးကိုရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဟောင်းက သေကြောင်းကြံစည်ရန် ကြိုးပမ်းခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ Yoon Suk Yeol ၏ မအောင်မြင်သော စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းရန် ကြိုးပမ်းခဲ့ပြီးနောက် ဆိုးလ်မြို့ရှိ သမ္မတရုံးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်းလည်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ၎င်းတို့သည် ပြည်သူ့ဝန်ထမ်းရုံးများသို့ ဝင်ရောက်ခွင့်ရရှိခဲ့သော်လည်း လုံခြုံရေးအစောင့်များက ပိတ်ဆို့ထားသည့် သမ္မတ Yoon ၏ ရုံးခန်းပင်မအဆောက်အအုံသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ စီးနင်းမှုမှာ တောင်ကိုရီးယားနိုင်ငံရေးတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ရက်သတ္တပတ်အတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုဖြစ်သည်ဟု သတင်းကဆက်လက်ဖော်ပြသည်။

စစ်အုပ်ချုပ်ရေးကြေညာသည့်ညတွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်းများနှင့် ပတ်သက်သည့် မှတ်တမ်းများကို သိမ်းဆည်းရန်အတွက် စုံစမ်းစစ်ဆေးသူ ရှစ်ဦးအား သမ္မတရုံးသို့ ဗုဒ္ဓဟူးနေ့တွင် စေလွှတ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယင်းသို့ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်တွင် သမ္မတယွန်သည် ၎င်း၏ရုံးခန်းတွင် မရှိခဲ့ပေ။

“စီးနင်းမှုတွေက Yoon အတွက် အပါအဝင် စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့်နေပြီလို့ ဆိုလိုပါတယ်” ဟု ဆိုးလ်မြို့ရှိ Hankuk University of Foreign Studies မှ တွဲဖက်ပါမောက္ခ Mason Richey က BBC သို့ ပြောကြားခဲ့သည်။

ထို့ပြင် စစ်အုပ်ချုပ်ရေးကြေညာမှုကို တာဝန်ယူခဲ့သည့် တောင်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းသည် အင်္ဂါနေ့ညက ထိန်းသိမ်းထားစဉ် မိမိကိုယ်ကို သတ်သေရန် ကြိုးပမ်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မအောင်မြင်သည့် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း Kim သည် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် အစောင့်အကြပ်တစ်ခုတွင် ထားရှိထားပြီး ကျန်းမာရေးပြဿနာမရှိကြောင်း ဝန်ကြီးဌာနက လွှတ်တော်သို့ ပြောကြားခဲ့သည်။


READ NEXT
Cancel OK