Top News

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းငယ်တွေ့ရသဖြင့် ပေကျင်းအနီးရှိ ရှောင်အန်းဒေသကို တရုတ်အာဏာပိုင်များက  အသိမပေးဘဲ လော့ဒေါင်းချ
24htopnews | December 13, 2024 10:12 AM CST

 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းငယ်ရှိခဲ့သည်ဟူသော သတင်းထွက်ပေါ်ခဲ့ ပြီးနောက် တရုတ်အာဏာပိုင်များသည် ယခု သီတင်းပတ်ထဲတွင် ပေကျင်းအနီးနားရှိ ဒေသကို လော့ဒေါင်းချခဲ့သည်ဆိုသော်လည်း  ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပရန် သီတင်းတစ်ပတ်အလို၌ လောလောလတ်လတ် လော့ဒေါင်းချခြင်းများကို အများပြည်သူသို့ အသိပေးထုတ်ပြန်ပေးခြင်းမရှိပေ။

တရုတ်မြို့တော်ပေကျင်း၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ ဝေးသော စီးပွားရေးဇုန်သစ်ဖြစ်သည့် ရှောင်အန်းဒေသသစ်ရှိ (Xiong’an New Area) ပြည်သူ ၁.၂ သန်းခန့်ကို ဝင်ခွင့်မပြုတော့သလို ၎င်းတို့၏ နေအိမ်ဝင်းများထဲမှလည်း ထွက်ခွင့်မပြုတော့ဟု ဇန်နဝါရီ ၂၈ ရက်တွင် ဒေသန္တရ ဗိုင်းရပ်စ်တားဆီးရေးဝန်ထမ်းက အေအက်ဖ်ပီကို အတည်ပြုခဲ့သည်။

တရုတ်နိုင်ငံတွင် မကြာသေးခင်က လော့ဒေါင်းချခြင်းများကို အများပြည်သူသို့ ထုတ်ပြန်ပေးခြင်း သို့မဟုတ် အစိုးရမီဒီယာက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခြင်းတို့ရှိခဲ့သော်လည်း ရှောင်အန်း လော့ဒေါင်းချခြင်းကို အသိမပေးဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်၍ ရှောင်အန်းဒေသခံများကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။

“ဒီလော့ဒေါင်းကတော့ သီတင်းတစ်ပတ်ဝန်းကျင် ကြာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တိကျတဲ့ အချိန်သတ်မှတ်ချက်ကိုတော့ ရေရေရာရာမသိရပါဘူး”ဟု ရှောင်အန်းကောင်တီသုံးခုထဲက ကောင်တီတစ်ခု ဖြစ်သည့် ရှောင်ကောင်တီမှ ဗိုင်းရပ်စ်တားဆီးရေးဝန်ထမ်းက ပြောကြားသည်။

ရှောင်အန်းဒေသ လော့ဒေါင်းချခြင်းကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုဒေသ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးဦးရှိခဲ့ကြောင်း အခြားရပ်ကွက်တစ်ခု မှ အာဏာပိုင်များက ဇန်နဝါရီ ၂၅ ရက်နေ့တွင်ပင် ပြောကြားခဲ့ကြသည်။

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသည် လာမည့်သီတင်းပတ်တွင် စတင်တော့မည်ဖြစ်ရာ တရုတ်အာဏာပိုင်များသည် ပေကျင်းအပါအဝင် အဓိကမြို့ကြီးအချို့၌ ရုတ်တရက်ပေါ်ပေါက်လာသော ဗိုင်းရပ်စ်ကူးစက်မှုများကို အမြစ်ဖြတ်ရန် အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။

ပြည်တွင်းကူးစက်ခံရသူ ၃၉ ဦးရှိခဲ့သည်ဟု ဇန်နဝါရီ ၂၈ ရက်တွင် တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။e-commerce ကုမ္ပဏီကြီး Alibaba တည်ရှိရာ အရှေ့ပိုင်းမြို့ကြီးဟန်ကျို့၌ လူအများအပြား အိုမိခရွန်ကူးစက်ခံရ သည်ကို တွေ့ရသည်ဟုဆိုသည်။

ဇန်နဝါရီ ၂၈ ရက်အထိ ဟန်ကျို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂ ဦးခန့်ရှိ ခဲ့သည်။ လူနာတစ်ဦးမှာ လူ ၃၀၀ ပါသော တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြောင်းတွေ့ရိိှရသဖြင့် နောက်ထပ်ကူးစက်မှုများရှိလာမည်ဟု ဒေသတွင်းကျန်းမာရေးတာဝန်ရှိသူများ က သတိပေးခဲ့သည်။

ရုရှားနယ်စပ်တစ်လျောက်ရှိ ဟေ့လုံကျောင်းပြည်နယ်က မြို့ကြီးတစ်မြို့ဖြစ်သော  စွေဖန်းဟွီက တာဝန်ရှိသူများသည် ဒယ်တာ မျိုးကွဲဗိုင်းရပ်စ်နှင့် ဆက်စပ်နေသော အသေးစားကူးစက်မှုကို အပြေးအလွှားထိန်းချုပ်နေရသည်။ယခုနောက်ဆုံးဖြစ်ပွားနေသော ကူးစက်မှုများက လူသန်းပေါင်းများစွာအတွက် နွေဦးအားလပ်ရက်အစီအစဉ်များကို အခက်အခဲများဖြစ်စေကာ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်မည့်အိုလံပစ်ပြိုင်ပွဲအတွက်လည်း သတိထား ပြင်ဆင်ရသည့် အနေအထား ဖြစ်စေသည်။                                                      

                  


READ NEXT
Cancel OK