Top News

ဗုံးကြဲခံရမှုများမှ လွတ်မြောက်ရန် ဆီးရီးယား ပြည်သူများ ဗုံးခိုကျင်းထဲတွင် နေထိုင်နေရ
24htopnews | December 13, 2024 1:12 PM CST

တိုက်ပွဲဖြစ်ပွားနေသည့် ဆီးရီးယား အနောက်မြောက်ပိုင်း၌ သံလွင်ပင်များ ပျံ့နှံ့ပေါက်ရောက်လျက်ရှိသော လယ်ကွင်းတစ်ခုအတွင်း အသက် ၃၅ နှစ်အရွယ်အမျိုးသား ရှမ်ဆီဒန်ဒါရာသည် သူနှင့်သူ၏မိသားစုအတွက် နေအိမ်ဟု ခေါ်ဆိုရတော့မည့် မှောင်မိုက်နေသော ဗုံးခိုကျင်းအတွင်း ဝင်ရောက်နေထိုင် လျက်ရှိသည်။

ဆီးရီးယား အစိုးရတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် မွေးရပ်ဒေသဖြစ်သော အိုင်ဒလစ်မှ ဒါရာတို့ မိသားစု ထွက်ပြေးခဲ့ကြပြီးနောက် ၎င်းတို့မိသားစု မည်သည့်နေရာသို့ သွားရောက်ရမည်မှန်း မသိခဲ့ကြပေ။

တယ်တူနာကျေးရွာတွင် နိမ့်ချည်မြင့်ချည် သွယ်တန်းလျက်ရှိသည့် တောင်ခြေရင်း၌ ဒါရာနှင့်သူ၏ အစ်ကိုသုံးဦး၊ ၎င်းတို့၏ ဇနီးများများနှင့် ကလေးငယ် တစ်ဒါဇင်ကျော်တို့သည် မြေအောက်တွင် တူးထားသော ဗုံးခိုကျင်းအတွင်း ပြုံတိုးနေထိုင်ကြရသည်။

“ဘယ်သွားရမှန်းလည်းမသိ၊ ရွေးစရာလည်းမရှိလို့ ဒီကျင်းလေးထဲ နေကြရတာပါ။ ကျွန်တော်တို့မှာ ယာယီရွက်ဖျင်တဲလည်း မရှိဘူး။ အိုင်ဒလစ်မြို့တွင်းမှာရှိတဲ့ ဗလီမှာ ကျွန်တော်တို့ မိသားစု နှစ်ရက်လောက် နေခဲ့ကြပါတယ်။ နေစရာ နေရာတစ်ခု တွေ့နိုးနိုး ကျွန်တော်တို့ ရှာခဲ့ကြပေမယ့် တစ်နေရာမှ မတွေ့ခဲ့ဘူး” ဟု ဒါရာက ၎င်းတို့မိသားစု၏ အဖြစ်ကို ပြန်ပြောင်းပြောပြခဲ့သည်။

သို့သော် ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားခဲ့သည့် အစောပိုင်းကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်ရန် တယ်တူနာကျေးရွာသားများ တူးထားခဲ့ကြသော ဗုံးခိုကျင်းတစ်ခုကို ဒါရာတို့ မိသားစု တွေ့ရှိခဲ့ပြီးနောက် ထိုဗုံးခိုကျင်းအတွင်း ရွှေ့ပြောင်းနေထိုင် ခဲ့ကြခြင်းဖြစ်သည်။

ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယား အစိုးရ တပ်ဖွဲ့များသည် ဒီဇင်ဘာလကတည်းက ဆီးရီးယား အနောက်မြောက်ပိုင်းရှိ သူပုန်များ၏ နောက်ဆုံး အမာခံနယ်မြေဖြစ်သော အိုင်ဒလစ်၌ ထိုးစစ်ဆင်မှုကို အရှိန်မြှင့်ခဲ့သည်။ အိုင်ဒလစ်ဒေသသည် ဂျီဟတ်စစ်သွေးကြွများနှင့် ၎င်းတို့၏ မဟာမိတ်သူပုန်အဖွဲ့များ လှည့်လည်လှုပ်ရှားရာ နေရာဖြစ်ပြီး ဆီးရီးယားအရပ်သား သုံးသန်းဝန်းကျင် နေထိုင်ရာ နေရာလည်းဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူ ၉၀၀၀၀၀ မှာ ၎င်းတို့၏ နေအိမ်များ၊ ခိုလှုံရေးစခန်းများမှ ထွက်ပြေးခဲ့ကြပြီး စစ်ဘေးရှောင်သူများ၏ ပမာဏထက်ဝက်မှာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ကင်းမြီးကောက်နှင့် မြွေများပေါများသောနေရာ

ဒါရာတို့မိသားစု နေထိုင်ကြသည့် မြေအောက်အိမ်သစ် အတွင်း၌ ပဲဝါအနှစ် hummus စားစရာနှင့် သံလွင်ဆီထဲတွင် နှစ်ထားသော ဟင်းခတ်အမွှေးရွက်ခြောက်တို့ တင်ထားသည့် လင်ဗန်းအနီးတွင် ဒါရာ၏ ကလေးငယ်များ တိုးဝှေ့နေကြသည်။

“စိုထိုင်းမှုဒဏ်ကို ကျွန်တော်တို့ ခံရပါတယ်။ ကလေးတွေလည်း ဖျားနာကြတယ်။ ပြီးတော့ အင်းဆက် ပိုးကောင်တွေလည်း ရှိတယ်” ဟု ထူထဲသော အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် ဒါရာက ထပ်လောင်း ပြောကြားခဲ့သည်။

အသက် ၄၀ အရွယ် အမျိုးသား အဘူမိုဟာမက်သည်လည်း ဒါရာတို့ မိသားစု အနီးတွင် နေထိုင်သည်။ ဗုံးခိုကျင်းထဲတွင် အဘူမိုဟာမက်နှင့်လူ ၄၀ ဝန်းကျင် အတူတကွ နေထိုင်လျက်ရှိပြီး ၎င်းတို့သည် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ကော်ဇောကို မြေပြင်ပေါ် ဖြန့်ခင်းထားကြကာ သံလွင်သီးများနှင့် အခြားသော အစားအစာများ ထည့်ထားသည့် ပလတ်စတစ်ဘူးများကို မညီညာသော ဗုံးခိုကျင်းနံရံပေါ်တွင် ချိတ်ဆွဲထားကြသည်။

“ကျွန်တော်တို့ ဒီကို စရောက်တော့ ဗုံးခိုကျင်းက မသန့်မရှင်း ဖြစ်နေတယ်။ ပြီးတော့ ကျင်းထဲမှာ တိရစ္ဆာန် မစင်တွေလည်း ရှိတယ်။ ဗုံးခိုကျင်းထဲမှာ ကင်းမြီးကောက်တွေ၊ မြွေတွေရှိတယ်လို့ ကျွန်တော်တို့ကို ရွာသားတွေက သတိပေးကြတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ တစ်ခြား ရွေးချယ်စရာ မရှိဘူးလေ” ဟု အဘူမိုဟာမက်က ဆိုသည်။

သင်္ချိုင်းတွင် နေထိုင်ကြရသူများ

ဆီးရီးယား မြောက်ဖျားပိုင်းရှိ ဆာမာဒါမြို့တွင် ယူစရာဟာဆူနီနှင့် သူ၏မိသားစုဝင်များသည် ယင်းမြို့ရှိ ဂူသင်္ချိုင်းဝင်းတွင် နေထိုင်ကြသည့် စစ်ဘေးရှောင် မိသားစု ၆၀ ထဲတွင် အပါအဝင်ဖြစ်သည်။

သင်္ချိုင်းဝင်း အတွင်းရှိ ခန်းမဆောင်ထဲတွင် အမျိုးသမီး၊ အမျိုးသား သီးသန့်ခွဲခြားကာ နေထိုင်ကြခြင်းဖြစ်သည်။

“ခန်းမဆောင်ထဲမှာ နေထိုင်ကြတဲ့ မိသားစု အများအပြား ရှိပါတယ်။ ဂူတွေရဲ့ အနီးမှာ နေထိုင်ရတာက စိတ်ချမ်းမြေ့စရာတော့ ဘယ်ကောင်းပါ့မလဲ။ ပြီးခဲ့တဲ့တစ်ညက ကလေးတစ်ယောက် စူးစူးဝါးဝါး အော်ငိုလို့ သူ့ကို သရဲဝင်ပူးတယ်လို့တောင် လူတွေက ထင်ကြတယ်” ဟု အုတ်ဂူတစ်ခုဘေးတွင် ကလေးနှစ်ဦးနှင့် အတူထိုင်နေသော ဟာဆူနီက ပြောကြားခဲ့သည်။

ဒီဇင်ဘာလမှစ၍ ဆီးရီးယား အနောက်မြောက်ပိုင်းဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြသူများထဲတွင် လူ ၁၇၀၀၀၀ ခန့်သည် ဟင်းလင်းကွင်းပြင်များနှင့် ဆောက်လုပ်ဆဲ အဆောက်အအုံများထဲတွင် နေထိုင်နေကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK