Top News

ဆီးရီးယားအနောက်မြောက်ပိုင်း၌ ဆီးရီးယားအစိုးရတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း တူရကီစစ်သားနှစ်ဦး သေဆုံး
24htopnews | December 13, 2024 1:12 PM CST

 

ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒလစ်ဒေသတွင် ဆီးရီးယားအစိုးရတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တူရကီစစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက မတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တူရကီတပ်ဖွဲ့အနေဖြင့် ဆီးရီးယားအစိုးရတပ်ဖွဲ့ ပစ်မှတ်များကို မဆိုင်းမတွ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း တူရကီစစ်သားတစ်ဦး သေဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၃ ရက် နှောင်းပိုင်းတွင် Twitter မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော တူရကီစစ်သား ၃၄ ဦးအပါအဝင် သူပုန်တို့ထိန်းချုပ်ထားသော အိုင်ဒလစ်ဒေသ၌ မကြာသေးမီ သီတင်းပတ်များအတွင်း တူရကီစစ်သား ၅၀ ကျော် သေဆုံးခဲ့သည်။

ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆက်၏ အစိုးရတပ်ဖွဲ့အား ဆန့်ကျင်တိုက်ခိုက်သည့် Spring Shield ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ရပ်ကို မတ် ၁ ရက်တွင် ဆင်နွှဲခဲ့ကြောင်း တူရကီက တရားဝင်ကြေညာခဲ့သည်။

Spring Shield စစ်ဆင်ရေး စတင်ခဲ့ချိန်မှစ၍ ဆီးရီးယားစစ်လေယာဉ်သုံးစင်း ပစ်ချခံခဲ့ရကြောင်း၊  စစ်ဆင်ရေးအတွင်း ဒါဇင်နှင့်ချီသော ဆီးရီးယားစစ်သားများနှင့် မဟာမိတ်တိုက်ခိုက်ရေးသမားများ သေဆုံးခဲ့ကာ အများအားဖြင့် ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

အိုင်ဒလစ်ရှိ သူပုန်အဖွဲ့များကို ကျောထောက်နောက်ခံပေးထားသော တူရကီသည် ရုရှားနှင့်ချုပ်ဆိုထားသော ၂၀၁၈ သဘောတူစာချုပ်အရ ဆီးရီးယားတပ်ဖွဲ့များကို အိုင်ဒလစ်မှ ဆုတ်ခွာသွားစေရန် ကြိုးပမ်းခဲ့သည်။ တူရကီသည် အိုင်ဒလစ်ပြည်နယ်တွင် စောင့်ကြည့်ရေးစခန်း ၁၂ ခု တည်ဆောက်ထားသည်။

သို့သော် ရုရှား၏လေတပ်အင်အား အထောက်အပံ့ကို ယူထားသော ဆီးရီးယားတပ်ဖွဲ့သည် ထိုးစစ်ဆင်မှုစတင်ခဲ့ချိန် ဒီဇင်ဘာလကတည်းက ကျယ်ပြန့်သော ပိုင်နက်နယ်မြေအများအပြားကို သိမ်းယူခဲ့သည်။ ဆီးရီးယားတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုအတွင်း အရပ်သား ရာပေါင်းများစွာ သေဆုံးခဲ့ပြီး အရပ်သားတစ်သန်းနီးပါးသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။

စစ်ဖက်ပြိုင်နေကြသော်လည်း တူရကီနှင့် ရုရှားသည် ညှိနှိုင်းဆွေးနွေးပွဲကျင်းပရန် လမ်းဖွင့်ထားဆဲဖြစ်ကာ အပစ်အခတ်ရပ်စဲမှုသစ် ရရှိလာစေရန်အတွက် တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်သည် မတ် ၅ ရက်တွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

ဆီးရီးယားဒုက္ခသည် လေးသန်းခန့်ကို လက်ခံထားပြီးဖြစ်သော တူရကီသည် အိုင်ဒလစ်မှ အစုလိုက်အပြုံလိုက် ထွက်ပြေးလာသော နောက်ထပ်ဒုက္ခသည်များ နိုင်ငံတွင်းသို့ ဝင်ရောက်လာခြင်းမှ ကာကွယ်တားဆီးရန် လိုလားနေသည်။ ဂရိနယ်စပ်မှတစ်ဆင့် ဥရောပနိုင်ငံများသို့ ဝင်ရောက်ရန် ကြိုးပမ်းကြသော ရွှေ့ပြောင်းအခြေချများနှင့် ဒုက္ခသည်များအား ဟန့်တားမှု လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ကြေညာခြင်းဖြင့် တူရကီက ဥရောပကို ဖိအားပေးခဲ့သည်။

 


READ NEXT
Cancel OK