Top News

အင်ဒိုနီးရှားတွင် လူချမ်းသာများက အခွန်ရှောင်ရန်အတွက် ဇိမ်ခံကားများအား အမည်လွှဲများဖြင့် ဝယ်ယူ
24htopnews | December 13, 2024 1:12 PM CST

ဒီမက်စ်ပရာယက်နိုက Rolls-Royce ကားတစ်စီးအား ပိုင်ဆိုင်ထားသည်ဆိုသော အချက်ကို အသက် ၂၁ နှစ်ရှိပြီဖြစ်သော ၎င်းကိုယ်တိုင်ထက် မည်သူကမျှ ပို၍ အံ့သြကြလိမ့်မည်မဟုတ်ပေ။ အကောက်ခွန် တာဝန်ရှိသူများက ပရာယက်နိုအား ထိုဇိမ်ခံကားအတွက် အခွန်ဒေါ်လာ ၁၅၀၀၀ ပေးဆောင်ရန် အကြောင်းကြားလာချိန်တွင် ၎င်းအား ခေါင်းခြောက်သွားစေခဲ့သည်။

သို့သော် ဆောက်လုပ်ရေး အလုပ်သမားတစ်ဦး၏ နေအိမ်ကို ကြည့်ရှုခဲ့ပြီးနောက် တာဝန်ရှိသူများက ပရာယက်နိုသည် ဂျကာတာမှ လူချမ်းသာတစ်ဦး၏ အခွန်ရှောင်ရန် ကြိုးပမ်းမှု၏ နောက်ဆုံးဓားစာခံဖြစ်ကြောင်း အလျင်အမြန် သဘောပေါက်သွားခဲ့သည်။

အင်ဒိုနီးရှားတစ်ဝန်း အခွန်ရှောင်မှုများကြောင့် နှစ်စဉ် ဝင်ငွေဒေါ်လာ ဘီလျံနှင့်ချီ ဆုံးရှုံးခဲ့ရပြီး ဂျကာတာက အရှေ့တောင်အာရှ၏ အင်အားအကြီးဆုံးစီးပွားရေးကို ပြန်လည်အားကောင်းလာစေရန်နှင့် ဆင်းရဲသား လူသန်းများစွာအား လူလတ်တန်းစားများ ဖြစ်လာစေရန် ရည်မှန်းသောဥပဒေကြမ်းများ ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေစဉ် ထိုအခွန်ရှောင်မှုသည် အရေးတကြီးကိစ္စရပ်အဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

“ကျွန်တော်က အံ့သြလွန်းလို့ ဘာကားလဲလို့ သူတို့ကို မေးလိုက်တယ်” ဟု ပရာယက်နိုက ၎င်း၏အိမ်သို့ အခွန်တာဝန်ရှိသူများ လာရောက်မှုနှင့်ပတ်သက်၍ ပြန်ပြောင်းပြောကြားခဲ့သည်။ “ဒီလိုအိမ်မျိုးမှာ နေတဲ့ ကျွန်တော်က ဒီလိုကားမျိုးကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

တစ်နေ့လုပ်ခ ရူပီးယား ၁၅၀၀၀၀ (၁၀ ဒေါ်လာ) ခန့်သာ အများဆုံးရရှိသော ပရာယက်နိုသည် ၎င်း၏သူဌေးဟောင်းတစ်ဦးက တရားဝင်ရည်ရွယ်ချက်အတွက်ဟု အကြောင်းပြလျက် ၎င်း၏နိုင်ငံသား သက်သေခံကတ်ဖြင့် လှည့်စားခံခဲ့ရမှုကို သိလိုက်ရသည်။ ထိုအလုပ်ရှင်က အခွန်ရှောင်ရန်အတွက် ပရာယက်နို၏အမည်ဖြင့် ဇိမ်ခံကားတစ်စီးကို မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားသော ဂျကာတာတွင် Roll-Royce ၊ Ferrari နှင့် အခြားဇိမ်ခံကားအစီး ၃၅၀ ခန့်အား ပရာယက်နိုကဲ့သို့ ဝင်ငွေနိမ့်သူများ၏အမည်များကို အလွဲသုံးလျက် မလျော်မကန် မှတ်ပုံတင်ထားကြောင်း အခွန်အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းသည် အခွန်ရှောင်ပြဿနာ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် အစိုးရပိုင် လေကြောင်းလိုင်း Garuda Indonesia ၏ အမှုဆောင်အရာရှိချုပ်သည် စီးပွားဖြစ်သုံး လေယာဉ်တစ်စင်းပေါ်တွင် Harley-Davidson ဆိုင်ကယ်တစ်စင်းနှင့် စျေးကြီးသော စက်ဘီးများအား ခိုးသွင်းလာခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ၎င်းသည် ထိုပစ္စည်းများအား ရှာမတွေ့စေရန်နှင့် အခွန်ရှောင်ရန် သွင်းကုန်စာရွက်စာတမ်းများတွင် လက်အောက်ခံဝန်ထမ်းတစ်ဦး၏ အမည်ကို သုံးစွဲခဲ့သည်ဟု စွပ်စွဲခံရသည်။

ရက်အနည်းငယ်အကြာတွင် အခွန် ဒေါ်လာသုံးသန်းကျော်ကို ရှောင်လွှဲနိုင်ရန်အတွက် ကုန်အမှတ်တံဆိပ်လွှဲ၍ တပ်ထားသော ကုန်သေတ္တာများထဲ၌ ဒါဇင်နှင့်ချီသည့် ဇိမ်ခံကားများနှင့် ဆိုင်ကယ်များထည့်လာပြီး ခိုးသွင်းရန် သီးခြားကြိုးပမ်းမှုတစ်ခုကိုလည်း အင်ဒိုနီးရှားအခွန်တာဝန်ရှိသူများက ဟန့်တားနိုင်ခဲ့သည်။ ထိုကုန်သေတ္တာများထဲတွင် အုတ်ခဲများပါလာကြောင်း စာရင်းပြခဲ့သော်လည်း ဇိမ်ခံကားများ သယ်လာခဲ့ခြင်းသာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဆရီမူယာနီက ယင်းအချိန်က ပြောကြားခဲ့သည်။

Global Finanical Integrity Report (GFI) က ပြီးခဲ့သောနှစ်တွင် ထုတ်ပြန်ခဲ့သောအစီရင်ခံစာ၌ အင်ဒိုနီးရှားသည် ကုန်ပစ္စည်းအမည်များ အလွဲပြ၍ နိုင်ငံမှ အသွင်းအထုတ်လုပ်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် အခွန်ဝင်ငွေ ဒေါ်လာ ၆.၅ ဘီလျံခန့် ဆုံးရှုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတကာ နယ်စပ်များမှတစ်လျှောက် ငွေကြေးများ တရားမဝင် လည်ပတ်နေမှုအတွက် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် အခွန်ရရှိမှုနှင့် ဂျီဒီပီအချိုးတွင် ဒေသအလိုက်တွင် အနိမ့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှားသည် ကြိုးနီစနစ်လျှော့ချရန်၊ ရင်းနှီးမြှုပ်နှံမှုအား လှုံ့ဆော်ပေးရန်အတွက် တင်းကျပ်သော အလုပ်သမားဥပဒေများအား လျှော့ချပေးရန် ကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်တာနက်ကုမ္ပဏီကြီးများထံမှ အခွန်ပိုမိုရရှိစေရန် ကြိုးပမ်းနေစဉ် ကော်ပိုရိတ်အခွန်များအား လျှော့ချပေးမည့် ဥပဒေကြမ်းသစ်များစွာကို ပါလီမန်တွင် အချေအတင်ဆွေးနွေးနေသည်။

ပြည်တွင်းနှင့် ပြည်ပတွင် လျှို့ဝှက်သိမ်းဆည်းထားသော ပိုင်ဆိုင်မှုများအား ကြေညာသည့် အခွန်ရှောင်သူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ဂျကာတာက ၂၀၁၆ ခုနှစ်တွင် ကမ်းလှမ်းခဲ့ရာ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလျံနီးပါး ပြန်လည်ရရှိခဲ့သည်။ သို့သော် ယင်းသည် ဖုံးကွယ်ထားသည့် ပမာဏ၏ အသေးအမွှားမျှသာ ဖြစ်သည်။

ကား၊ ကုမ္ပဏီ သို့မဟုတ် အခြားအိမ်ခြံမြေများအား ဝင်ငွေနိမ့်သူများနှင့် လက်အောက်ခံဝန်ထမ်းများ၏ အမည်များဖြင့် မှတ်ပုံတင်မှုသည် ချမ်းသာသူများက အခွန်ရှောင်ရန်အတွက် ပုံမှန်နည်းလမ်းဖြစ်လာနေကြောင်း ကျွမ်းကျင်သူများက ဆိုခဲ့သည်။

 


READ NEXT
Cancel OK