Top News

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာတစ်ဝန်း မြင့်တက်ခဲ့ပြီး နှာခေါင်းစည်းများ ပြတ်လပ်နိုင်ကြောင်း WHO သတိပေး
24htopnews | December 13, 2024 1:12 PM CST

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၃၈ ဦး ထပ်မံသေဆုံးကြောင်း၊ သို့သော်လည်း ထပ်မံကူးစက်မှုသည် သုံးရက်ဆက်တိုက် ကျဆင်းခဲ့ပြီး ၁၁၅ ဦး ထပ်မံ ကူးစက်ခံရကြောင်း မတ် ၄ တွင် အမျိုးသားကျန်းမာရေး ကော်မရှင်က ပြောကြားခဲ့သည်။

ယင်းဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတစ်ဝန်း သေဆုံးမှုသည် ၂ç၉၈၁ ဦး ရှိပြီဖြစ်ပြီး ကူးစက်ခံရသူ ၈၀,၂၀၀ ကျော်ပြီဟု ကျန်းမာရေးကော်မရှင်က ဆိုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စိုးရိမ်သဖြင့် အထိတ်တလန့်နှင့် ပစ္စည်းများ ဝယ်ယူစုဆောင်းခြင်း မြင့်တက်လာခဲ့သည့်အပြင် အကာအကွယ် နှာခေါင်းစည်းများ စုဆောင်းထားမှု အလျင်အမြန် ကျဆင်းလာနေသဖြင့် ကမ္ဘာ့နိုင်ငံများသည် နှာခေါင်းစည်းများ ပြတ်လပ်မှုကို ကာကွယ်ကြရန် ကမ္ဘာ့ကျန်းမာရေး တာဝန်ရှိသူများက သတိပေးခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနေသော နှာခေါင်းစည်းများ၊ အကာမျက်မှန်နှင့် အခြားအကာအကွယ်ပစ္စည်းများ ပြတ်လပ်သွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့သည်။

 နိုင်ငံ ၂၇ နိုင်ငံသို့ အကာအကွယ် ကိရိယာအစုံ ငါးသိန်းကျော် တင်ပို့ပေးခဲ့ကြောင်း သို့သော်လည်း ပစ္စည်းလက်ကျန် အလျင်အမြန် လျော့ကျနေကြောင်း WHO ဥက္ကဋ္ဌ တေဒရိုအာဒါန်ဂီဘရီရေဆုက ပြောကြားခဲ့သည်။

တရုတ်ပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်သော တောင်ကိုရီးယား၌ ထပ်မံကူးစက်ခံရသူ ၁၄၂ ဦး ရှိကြောင်း မတ် ၄ တွင် ကိုရီးယား ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ထုတ်ပြန်ခဲ့ရာ ယခင်တစ်ရက်ကထက် သိသိသာသာ ကျဆင်းသွားခဲ့သည်။ မတ် ၃ က ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၈၅၁ ဦး ရှိပြီး နေ့စဉ်ကူးစက်ခံရမှု အများဆုံး ဖြစ်ခဲ့သည်။ လေးဦး ထပ်မံသေဆုံးခဲ့သဖြင့် တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရောက်ရှိခဲ့သည်။

တောင်ကိုရီးယားတွင် ဗိုင်းရပ်စ် ကူးစက်မှုအားလုံး၏ ထက်ဝက်ကျော်နှင့်ဆက်နွှယ်နေသော ခရစ်ယာန် ဘာသာရေးဂိုဏ်းခွဲနှင့် ဆက်စပ်နေသူ ၂၆၀,၀၀၀ ကျော်ကို စစ်ဆေးနေသောကြောင့် မကြာသေးမီ ရက်များအတွင်း  ကူးစက်မှု မြင့်တက်နေခဲ့သည်။

နှာခေါင်းစည်းများ ပြတ်လပ်မှုအတွက် တောင်းပန်ကြောင်း သမ္မတ မွန်းဂျေအင်းက ပြောကြားခဲ့ပြီး မတ် ၄ တွင် ဆိုးလ်ရှိ စူပါမားကတ်တစ်ခုအပြင်တွင် လူ ၅၀၀ ထက်မနည်းက နှာခေါင်းစည်း တန်းစီဝယ်ယူခဲ့ကြသည်။

တောင်ကိုရီးယားသည် တစ်ရက်လျှင် နှာခေါင်းစည်း ၁၀ သန်း ထုတ်လုပ်နေပြီး ထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်ကုန်ထက်ဝက်ခန့်ကို စာတိုက်များ၊ ဆေးဆိုင်များ၊ စိုက်ပျိုးရေးစင်တာများသို့ ပေးပို့ရန် အစိုးရက ညွှန်ကြားခဲ့သည်။ ထိုနေရာများတွင် နှာခေါင်းစည်းများအား တစ်ဦးလျှင် ငါးခုနှုန်းနှင့် စျေးလျှော့ရောင်းရန် အစိုးရက ညွှန်ကြားခဲ့သည်။

 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မှုကို သက်သာရာရစေရန် ရည်ရွယ်ပြီး အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို လျှော့ချခဲ့သည်။ သို့သော် ဗိုင်းရပ်စ်ကြောင့် အမှန်တကယ် ထိခိုက်မည့်လက္ခဏာဟု သတ်မှတ်ခဲ့ကြသဖြင့် ဝေါစထရိတွင် စတော့စျေးများ ထိုးကျခဲ့သည်။

အမေရိကန်၌ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးအထိ ရှိလာခဲ့ပြီး အများစုသည် ဆီယက်တယ်မြို့စွန်မှ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာနှင့် ဆက်နွှယ်နေခဲ့သည်။ အမေရိကန်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀ ကျော်ထိ ရှိပြီဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် အာမခံ မဝယ်နိုင်သူ သန်းပေါင်းများစွာရှိသောကြောင့် အမေရိကန်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူသည် ထိုထက် ပိုများနိုင်ကြောင်း သတိပေးခဲ့သည်။

 


READ NEXT
Cancel OK