
အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းရေး ဆောင်ယူနိုင်ရန် ရည်ရွယ်၍ အမေရိကန်နှင့် သဘောတူညီချက်တစ်ခုအား လက်မှတ်ထိုးခဲ့ပြီးနောက် နှစ်ရက်အကြာ မတ် ၂ တွင် တာလီဘန်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု လျှော့ချရေး ယာယီသဘောတူညီချက်ကို ရုတ်တရက် ရပ်ဆိုင်းခဲ့သည်။ တာလီဘန်၏ ဗဟိုချက်ဟု ယူဆရသော နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် ခရိုင်နှစ်ခုထက် မနည်း၌ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
တာလီဘန်များသည် Panjwahi နှင့် Maiwand တို့ရှိ မိမိတို့၏ စခန်းငါးခုအား စတင်တိုက်ခိုက်ခဲ့ကြကြောင်း ဒေသဆိုင်ရာ ရဲချုပ် ဆူလ်တန်မိုဟာမက်ဟာကီမီက ပြောကြားခဲ့သည်။ အာဖဂန်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ရန် တာလီဘန်အဖွဲ့က ၎င်းတို့၏အဖွဲ့ဝင်များကို ညွှန်ကြားခဲ့ရာ အကြမ်းဖက်တိုက်ခိုက်မှုများ လျှော့ချရေး သဘောတူညီချက်အား ရပ်ဆိုင်းလိုက်ဖွယ် ရှိသည်။
အမေရိကန်၊ တာလီဘန်အဖွဲ့နှင့် အာဖဂန်တပ်ဖွဲ့ဝင်များ၏ ထိုတစ်စိတ်တစ်ပိုင်း သဘောတူညီချက်သည် အမေရိကန်နှင့် တာလီဘန်အဖွဲ့က ပြီးခဲ့သောသီတင်းပတ်တွင် ကာတာမြို့တော် ဒိုဟာ၌ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့သည့်အချိန်အထိ တည်မြဲခဲ့သည်။
တိုက်ခိုက်မှုလျှော့ချရေးသည် ယခုအခါ အဆုံးသတ်သွားပြီဖြစ်ပြီး မိမိတို့၏စစ်ဆင် ရေးအား ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာမူဂျာဟစ်က ပြောကြားခဲ့သည်။ အမေရိကန်-တာလီဘန်တို့၏ သဘောတူညီချက်အရ မိမိတို့သည် ပြည်ပတပ်ဖွဲ့များအား တိုက်ခိုက်မည်မဟုတ်သော်လည်း ကဘူးအစိုးရတပ်ဖွဲ့ဝင်များကိုမူ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တိုက်ခိုက်မှုများ ပြန်လည်စတင်ရေးအတွက် တိုက်ခိုက်ရေးသမားများအား တာလီဘန်အဖွဲ့၏ စစ်ဘက်ဆိုင်ရာ ကော်မရှင်က ညွှန်ကြားချက်များ ဖြန့်ဝေပေးခဲ့ကြောင်း အေအက်ဖ်ပီသို့လည်း ပေးပို့ခဲ့သည့် ထိုမှတ်တမ်းတွင် ဖော်ပြခဲ့သည်။
ယင်းနောက်မကြာမီ တာလီဘန်များသည် နိုင်ငံအနောက်မြောက်ပိုင်း Badghis ပြည်နယ်ရှိ စစ်စခန်းများအား တိုက်ခိုက်ခဲ့ကြပြီး စစ်သားတစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဖဂန်တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် နိုင်ငံအရှေ့ပိုင်းရှိ ဘောလုံးကွင်းတစ်ခုတွင် ညီအစ်ကိုသုံးဦး သေဆုံးခဲ့ရသော ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ၎င်းတို့၌ တာဝန်မရှိကြောင်း တာလီဘန်အဖွဲ့က ငြင်းဆိုခဲ့သည်။
အာဖဂန်အစိုးရသည် တာလီဘန်အဖွဲ့နှင့် မတ် ၁၀ တွင် ပြုလုပ်ဖွယ်ရှိသော ဆွေးနွေးပွဲမတိုင်မီအထိ ထိုတစ်စိတ်တစ်ပိုင်း သဘောတူညီချက်အား ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း သမ္မတအာရှ်ရက်ဂါနီက မတ် ၁ တွင် ပြောကြားခဲ့သည်။ သို့သော် အမေရိကန်-တာလီဘန်အဖွဲ့တို့က လက်မှတ်ထိုးခဲ့သည့် သဘောတူညီချက်၏ သတ်မှတ်ချက်တစ်ခုဖြစ်သော အာဖဂန်အစိုးရနှင့် တာလီဘန်အဖွဲ့အကြား အကျဉ်းသားများ လဲလှယ်ရန်ကိစ္စကိုမူ မပြုလုပ်နိုင်ကြောင်း ဂါနီက ငြင်းဆန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်