Top News

မြောက်ကိုရီးယားက တာဝေးပစ် အမြောက်ကို စမ်းသပ်ခဲ့ကြောင်း အစိုးရမီဒီယာ ထုတ်ပြန်
24htopnews | December 13, 2024 1:12 PM CST

မြောက်ကိုရီးယားသည် လပိုင်းအတွင်း ပထမဆုံးလက်နက်စမ်းသပ်မှုအဖြစ် တာတိုပစ်ပဲ့ထိန်းဒုံးနှစ်စင်း ပစ်လွှတ်ခဲ့ဖွယ်ရှိကြောင်း ဆိုးလ်က ထုတ်ပြန်ခဲ့ပြီးနောက် မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က တာဝေးပစ်အမြောက်များ ပစ်လွှတ်သည့်လေ့ကျင့်မှုအား ခေါင်းဆောင်ကင်ဂျုံအွန်က ကြီးကြပ်နေသည့်ဓာတ်ပုံများကို မတ် ၃ တွင် ထုတ်ပြန်ပေးခဲ့သည်။

ရိုဒေါင်ရှင်မွန်သတင်းစာက ထုတ်ပြန်ခဲ့သော ဓာတ်ပုံများတွင် ရော့ကတ်အစင်းများစွာ ပစ်လွှတ်နေသည့်ပုံ၊ သစ်တောတစ်ခုရှိ ဒုံးပစ်လောင်ချာမှနေ၍ ပိုမိုကြီးမားသော အမြောက်ဆန်တစ်ခုကို ပစ်လွှတ်နေသည့် ပုံများလည်း ပါဝင်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြောက်ကိုရီးယားက ရုန်းကန်နေရစဉ် အနက်ရောင်သားရေကုတ်အကျႌထူထူရှည်ရှည်နှင့် လက်အိတ်များ ဝတ်ထားသော်လည်း နှာခေါင်း စည်းတပ်မထားသောကင်က ထိုအမြောက်များ ပစ်လွှတ်မှုအား ကြီးကြပ်နေသည့်ပုံများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုအမြောက်များပစ်လွှတ်မှု၏ ရလဒ်များကို အလွန်အမင်းအားရနေသောကင်က တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏အသက်များထက် ဆိုရှယ်လစ်အမိမြေကို ကာကွယ်နိုင်ရန်အတွက် ခိုင်မာသော စိတ်ဆန္ဒနှင့် ထက်သန်သော မျိုးချစ်စိတ်ဓာတ်ကို စွဲစွဲမြဲမြဲရှိစေရန် တိုက်တွန်းခဲ့ကြောင်းလည်း KCNA က ဖော်ပြခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားအား စမ်းသပ်မှု ပိတ်ပင်ထားမှုတွင် ပါဝင်သည့် တာတိုပစ်ပဲ့ထိန်းဒုံးများကို ပြုံယမ်းက ပစ်လွှတ်ခဲ့ဖွယ်ရှိကြောင်း ဆိုးလ်က ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်းရှိ ဝန်ဆန်ဧရိယာမှနေ၍ ပင်လယ်ကို ကျော်ကာ အရှေ့ဘက်သို့ ပစ်လွှတ်ခဲ့သော ထိုဒုံးနှစ်စင်းသည် အမြင့် ၃၅ ကီလိုမီတာအထိနှင့် ကီလိုမီတာ ၂၄၀ (မိုင် ၁၅၀) အထိ ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ခဲ့သည်။

ဗိုင်းရပ်စ်တိုက်ဖျက်ရေးအကူအညီအတွက် အဆိုပြုမှု

ပိတ်ဆို့အရေးယူမှု ဖြေလျှော့ပေးရေးနှင့် မြောက်ကိုရီးယားက မည်သည့်အရာများအား စွန့်လွှတ်မည်တို့နှင့် ပတ်သက်၍ နျူကလီးယားဖျက်သိမ်းရေးအတွက် ဆွေးနွေးမှုများသည် အခြေအနေတိုးတက်မှုမရှိခဲ့သဖြင့် ဟနွိုင်းတွင် ကျင်းပသောထိပ်သီး မအောင်မြင်ဘဲ ပြီးဆုံးသွားမှု တစ်နှစ်ပြည့်ပြီးနောက် ပြုံယမ်းက ထိုလက်နက်များ ပစ်လွှတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပြုလုပ်ရန်စီစဉ်ထားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ပြီးခဲ့သောသီတင်းပတ်တွင် ရွှေ့ဆိုင်းခဲ့သည်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ထိုဗိုင်းရပ်စ်တိုက်ဖျက်မှုတွင် ပူးပေါင်းဆောင်ရွက်ရန် ပြုံယမ်းအား ကမ်းလှမ်းခဲ့သည်။ မြောက်ကိုရီးယားက အလားအလာရှိသော ကူးစက်ပျံ့နှံ့မှုအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် ၎င်း၏နယ်စပ်များကို ပိတ်ခဲ့သည်။

ထိုလုပ်ရပ်များသည် မြောက်ကိုရီးယား၏ ကောင်းမွန်သော စိတ်ဆန္ဒကင်းမဲ့မှုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ပေကျင်း၊ ဆိုးလ်နှင့် ၀ါရှင်တန်တို့တွင် နိုင်ငံရေးနှင့် အများပြည်သူကျန်းမာရေးဆိုင်ရာကိစ္စများ ဖိစီးနေသော်လည်း ပြုံယမ်း၏ ထိုလုပ်ရပ်များသည် ၎င်း၏ စစ်ရေးစွမ်းဆောင်ရည်များ တိုးတက်စေရန်နှင့် တောင်းဆိုချက်များအား ပိုမိုကြီးမားစေရန် ဆက်လက်လုပ်ဆောင်မည်ဟု ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းဖြစ်ကြောင်း ဆိုးလ်ရှိ Ewha တက္ကသိုလ်မှ ပါမောက္ခ Leif-Eric Easley က ပြောကြားခဲ့သည်။

 

 


READ NEXT
Cancel OK