Top News

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုက ဆီးရီးယားစစ်ရာဇဝတ်မှုများ၌ ရုရှားနှင့် တူရကီတို့၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြ
24htopnews | December 13, 2024 1:12 PM CST

ရုရှားသည် ဆီးရီးယား၌ လူအများ သေကြေစေသည့် လေကြောင်းတိုက်ခိုုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြင့် စစ်ရာဇဝတ်မှုများ၌ ပါဝင်နေပြီး တူရကီသည်လည်း ကာ့ဒ်များကို တိုက်ခိုက်ခြင်းဖြင့် အလားတူ စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

သူပုန်တို့၏ နောက်ဆုံးခြေကုပ်စခန်းဖြစ်သော အိုင်ဒလစ်တွင် တူရကီနှင့် ရုရှားက ကျောထောက်နောက်ခံပြုပေးသော ဆီးရီးယားတပ်များအကြား တိုက်ပွဲများအရှိန်မြင့် လာပြီးနောက် တင်းမာမှုများမြင့်တက်လာနေသည့်အကြား ယခုစွဲချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆီးရီးယားရှိ လူ့အခွင့်အရေးအနေအထားနှင့် ပတ်သက်သော ကုလသမဂ္ဂစုံစမ်း ရေးကော်မရှင်က ၎င်း၏ နောက်ဆုံးအစီရင်ခံစာတွင် ရုရှားလေယာဉ်များသည် လွန်ခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်း လူပေါင်း ၆၀ ကျော် သေဆုံးစေခဲ့သည့် အိုင်ဒလစ်နှင့် ဒမတ်စကက်ကျေးလက်ပိုင်း၌ ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုနှစ်ရပ်၌ ပါဝင်ခဲ့ကြောင်း သက်သေအထောက်အထားရှိသည်ဟု ဖော်ပြခဲ့သည်။

တူရကီသည်လည်း ဆီးရီးယားအမျိုးသားတပ်မတော်ဟူသည့် သူပုန်တိုက်ခိုက်ရေးသမားများကို မဟာမိတ်ပြုခြင်းဖြင့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရာဇဝတ်ကြောင်းအရ အပြစ်ရှိနိုင်သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

တူရကီတပ်များနှင့် ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့များသည် ကာ့ဒ်တပ်များကို စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းကြောင့် လူပေါင်းသောင်းနှင့်ချီလျက် နေအိမ်များကို စွန့်ခွာထွက်ပြေခဲ့ကြရပြီး လွန်ခဲ့သည့် အောက်တိုဘာလတွင် ဆီးရီးယားမြောက်ပိုင်းတစ်ကြောကို သိမ်းပိုက်ခဲ့ကြသည်။

တူရကီက ကျောထောက်နောက်ခံပြုပေးသော သူပုန်များသည် ကွပ်မျက်ခြင်း၊ နေအိမ်များကို သိမ်းယူခြင်းနှင့် လုယက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များကိုလည်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ကိုးကားဖော်ပြခဲ့ကြသည်။

စုံစမ်းစစ်ဆေးသူများက အထူးသဖြင့် ဟေဗရင်ခါလက် (၃၅ နှစ်) အသတ်ခံရမှုကို မီးမောင်းထိုးပြခဲ့သည်။ ခါလက်သည် Future Syria Party ၏ ခေါင်းဆောင်ဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်၌ အဆိုပါအမျိုးသမီးနှင့် သူ၏ယာဉ်မောင်းတို့သည် ကားထဲမှ ဆွဲထုတ်ခံရပြီး အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ခါလက်သည် ကာမီရှလီမြို့မှ ထွက်ခွာလာစဉ် ဆီးရီးယားအမျိုးသားတပ်မတော်၏ တပ်ရင်း ၁၂၃ က သူ့အား ဆံပင်ကိုဆွဲကာ ကားထဲမှ ခေါ်လာခဲ့ပြီး သတ်ဖြတ်ခြင်းမပြုမီ ခြေလက်အင်္ဂါများကို ဖြတ်တောက်ပစ်မှုများ ပြုလုပ်ခဲ့သည်။

ဆီးရီးယားအမျိုးသားတပ်မတော်မှ တိုက်ခိုက်ရေးသမားများသည် လူသတ်မှုများအပါအဝင် ကြီးလေးသော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ယုံကြည်ရသည့် ကျိုးကြောင်းဆီလျော်သည့် အထောက်အထားများ ရှိနေသည်ဟု ကော်မရှင်က ပြောကြားခဲ့သည်။

ဆီးရီးယားအမျိုးသားတပ်မတော်သည် တူရကီတပ်များ၏ ထိရောက်သော အမိန့်ပေးထိန်းချုပ်မှုအောက်၌ ပြုလုပ်ခဲ့ကြောင်း ပြသနိုင်ခဲ့ပါက ယင်းရာဇဝတ်မှုများနှင့် ပတ်သက်၍ သိနေသော သို့မဟုတ် သိနေသင့်သော ယင်းကဲ့သို့သော စစ်ဦးစီးမှူးများအနေဖြင့် ရာဇဝတ်မှုအတွက် တာဝန်ရှိသည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်က  ပြောကြားခဲ့ကြောင်းသိရသည်။

 

 


READ NEXT
Cancel OK