
ဂျော်ဒန်နိုင်ငံ၌ အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်ရေးကိစ္စ မိမိဆုံးဖြတ်ထားပြီးပြီဟု ဇန်နဝါရီ ၃၀ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားလိုက်သည်ဆိုသော်လည်း အရှေ့အလယ်ပိုင်းဒေသ၌ ပိုမို ကျယ်ပြန့်သောစစ်ပွဲကို ၎င်းအလိုမရှိဟု ဆိုသည်။
အမေရိကန်နိုင်ငံ၌ ရွေးကောက်ပွဲကျင်းပမည့် နှစ်တွင် ဖိအားများ တိုးလာခြင်းကို ရင်ဆိုင်နေရသော ဘိုင်ဒင်က စစ်အခြေစိုက်စခန်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သူများထံ လက်နက်များ ပံ့ပိုးပေးခြင်းအတွက် အီရန်ကို တာဝန်ခံစေမည်ဟု ပြောကြားခဲ့သည်။
ဂျော်ဒန်နိုင်ငံရှိ အခြေစိုက်စခန်းတစ်ခု ဒရုန်ဖြင့် တိုက်ခိုက်ခံရသောကြောင့် အမေ ရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့ရာ အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသ၌ ပထမဆုံး အမေရိကန်စစ်သားများ သေဆုံးခဲ့သည့်အတွက် တုံ့ပြန်မှုအမျိုးမျိုးရှိလာနိုင်သည်ဟု အိမ်ဖြူတော်က သတိပေးခဲ့သည်။
အမေရိကန်က စစ်ရေးအရ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန် နီးကပ်လာသည့် အနေအထားတွင် မိမိတို့သည် အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများအား ရပ်ဆိုင်းသွားမည်ဟု အီရတ်နိုင်ငံရှိ အီရန်လို လားသော ထိပ်တန်းအုပ်စုက ပြောကြားခဲ့သည်ဆိုသော်လည်း ယင်းသို့ပြောကြားခြင်းက ၀ါရှင်တန်၏ လက်တုံ့ပြန်မှုကို တားဆီးရန် မလုံလောက်ဟု ဆိုသည်။
မဲဆွယ်စည်းရုံးရေး ရန်ပုံငွေပွဲအတွက် ဖလော်ရီဒါပြည်နယ်ကို သွားရောက်ခဲ့ရာတွင် တုံ့ပြန်ရေးကိစ္စကို သတင်းထောက်များက မေးမြန်းသည့်အခါ ယင်းကိစ္စကို ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဘိုင်ဒင်က ဖြေကြားခဲ့သော်လည်း လက်တုံ့ပြန်မည့် အသေးစိတ်ကိစ္စများကို ပြောကြားခြင်းမရှိခဲ့ပေ။
“အရှေ့အလယ်ပိုင်းမှာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ပွဲ လိုအပ်တယ်လို့ ကျွန်တော်မထင်ပါဘူး။ အဲဒီစစ်ပွဲဟာ ကျွန်တော်မျှော်လင့်ထားတဲ့ စစ်ပွဲမဟုတ်ပါဘူး”ဟု ဘိုင်ဒင်က ဖြည့်စွက်ပြောကြားခဲ့သည်။
ဟားမာ့စ်က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက် နောက်ပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အစ္စရေး-ဟားမာ့စ် စစ်ပွဲဖြစ်ပွားနေချိန်အတွင်း အီရတ်နှင့်ဆီးရီးယားတို့ရှိ အမေရိကန်တပ်ဖွဲ့များသည် ၁၆၅ ကြိမ်ကျော် တိုက်ခိုက်ခံခဲ့ရသည်။
ဂျော်ဒန်တိုက်ခိုက်မှုနှင့် မိမိတို့မသက်ဆိုင်ဟု အီရန်က ပြောကြားခဲ့ပြီး အီရတ်၊ ဆီးရီးယားတို့၏ နယ်စပ်အနီး ဂျော်ဒန်အရှေ့မြောက်ပိုင်းရှိ ဝေးလံသော နယ်စပ်အခြေ စိုက်စခန်းကို တိုက်ခိုက်သည့် စစ်သွေးကြွ အုပ်စုများကို အီရန်ကထောက်ပ့ံသည်ဟု အမေရိကန်နှင့် ဗြိတိန်တို့၏ စွပ်စွဲပြောကြားမှု များကိုလည်း တီဟီရန်က ပယ်ချခဲ့သည်။
ဂါဇာ၌ စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ၌ အခြေအနေတင်းမာနေခြင်းနှင့်အတူ ယခုတိုက်ခိုက်မှုက အီရန်တိုက်ရိုက်ပါဝင်လာသည့် ပိုမိုကျယ်ပြန့်သော ပဋိပက္ခတစ်ခုဖြစ်လာမည်ဟူသော စိုးရိမ်မှုများကို မြင့်တက်လာစေသည်။
အမေရိကန်သည် အီရန်နိုင်ငံကို တိုက်ခိုက်ခြင်းဆိုသည်ထက် အခြားနိုင်ငံများရှိ အီရန်စစ်သားများကို တိုက်ခိုက်လာနိုင်သည်ဟု သတင်းများတွင် ဖော်ပြနေသည်။ Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်