Top News

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ကမ္ဘာ့ဘဏ်က လျှော့ချ
24htopnews | December 15, 2024 7:12 AM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချပြင်ဆင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မာပတ်စ်က ဖေဖော်ဝါရီ ၄ တွင် ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်က ကမ္ဘာ့စီးပွားရေး ကျဆင်းမှုအတွက် အဓိက အကြောင်းတစ်ခုဖြစ်ခဲ့သော အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲသည် တင်းမာမှု လျော့ကျသွားခဲ့သောကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ဦးမော့မည်ဟု ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့်လတွင် ခန့်မှန်းခဲ့သည်။

သို့သော်လည်း ကိုုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက စီးပွားရေးလုပ်ငန်းများကို သက်ရောက်ခဲ့ပြီး ကမ္ဘာ့ဘဏ်၏ ခန့်မှန်းမှုအတွက် ခြိမ်းခြောက်မှု ဖြစ်လာခဲ့သည်။

ကုန်ထုတ်လုပ်ဖြစ်စဉ်တွင် သက်ရောက်မှုနှင့် တရုတ်တွင် သက်ရောက်မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ပထမလများအတွက် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မာပတ်စ်က ပြောကြားခဲ့သည်။

“ ခရီးသည်တင်လေယာဉ်တွေနဲ့ ကျန်ကမ္ဘာအနှံ့ကို တရုတ်ကုန်စည်တွေ ရောက်ရှိနေတာပါ” ဟု မာပတ်စ်က ပြောကြားခဲ့သည်။ သို့သော်လည်း ကမ္ဘာတစ်ဝန်းမှ လေကြောင်းလိုင်းများသည် တရုတ်နိုင်ငံသို့ ဝင်ထွက် ပျံသန်းမှုများအား ဆိုင်းငံ့ထားကြသည်။ ထို့ပြင် တရုတ်၏အိမ်နီးချင်းများက နယ်စပ်များကို ပိတ်ဆို့ထားကြသဖြင့် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးအတွက် ထုတ်ကုန်များ စီးဆင်းမှုကို ပြန်လည်ချိန်ညှိရန် လိုအပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးသည် ယမန်နှစ်က ၂.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ရာမှ ယခုနှစ်တွင် ၂.၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့သည်။ ကမ္ဘာ့စီးပွားရေး အလားအလာကို ဆွေးနွေးရန်အတွက် မားပတ်စ်သည် အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဂျာနက်ယဲလင်နှင့် ဆွေးနွေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ကျဆင်းနိုင်သည်ဟု ယဲလင်က သဘောတူ လက်ခံထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်စီးပွားရေးသည် သုံးလမှ ခြောက်လအထိ ထိခိုက်နိုင်ပြီး ကမ္ဘာ့စီးပွားရေးကိုလည်း သက်ရောက်ရန် သေချာသလောက်ဖြစ်ကြောင်း ယဲလင်က ပြောကြားခဲ့သည်။

ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုနှင့် တုံ့ပြန်မှုစနစ်များအား ခိုင်မာစေရန် ကမ္ဘာ့နိုင်ငံများအား ကမ္ဘာ့ဘဏ်က နိုးဆော်ထားပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကူညီရန် ကြိုးပမ်းနေကြောင်း ပြောကြားထားသည်။

လူ ၄၀၀ ကျော် သေဆုံးထားပြီး ၂၄၀၀၀ ကျော် ကူးစက်ခဲ့သော ယင်းဗိုင်းရပ်စ်ကြောင့် တရုတ်က နိုင်ငံတစ်ဝန်း ခရီးသွားလာမှုများ ကန့်သတ်ခြင်း၊ ခရီးသွား ဆွဲဆောင်နေရာများ ပိတ်ထားခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများ၊ ဖျော်ဖြေရေးနေရာများ ပိတ်ထားခြင်းတို့ မကြုံစဖူး ဆောင်ရွက်ခဲ့သည်။

အမေရိကန်နှင့် ကုန်သွယ်ရေးစစ်နှင့် နိုင်ငံရပ်ခြား ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် စီးပွားရေးနှေးကွေးနေမှုကို ရင်ဆိုင်ဖြေရှင်းနေချိန်တွင် ဗိုင်းရပ်စ်အကျပ်အတည်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်သစ်ကူးအားလပ်ရက်ကို သုံးရက်ထပ်တိုးပိတ်ခဲ့ပြီးနောက် လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် တရုတ်က ရုန်းကန်နေရသည်။ ကုန်ထုတ်လုပ်မှုသည် တရုတ်စီးပွားရေး၏ သုံးပုံတစ်ပုံခန့်ရှိပြီး ကားလုပ်ငန်းသည် ကြီးကြီးမားမား ထိခိုက်ဖွယ်ရှိသည်။ ဝူဟန်သည် တရုတ်၏ကားထုတ်လုပ်ရေး ဗဟိုချက် ဖြစ်သည်။

 


READ NEXT
Cancel OK