Top News

အာဖဂန်နစ္စတန်မှ တပ်များ ပြန်လည်ရုပ်သိမ်းမည်ဟု ထရန့်က နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြား
24htopnews | December 15, 2024 7:12 AM CST

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကွန်ဂရက်တွင် ပြောကြားခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အာဖဂန်နစ္စတန်မှ တပ်များ ပြန်လည်ရုပ်သိမ်းရေးအတွက် စေ့စပ်ညှိနှိုင်းသွားရန် ဆုံးဖြတ်ထားမှုကို ထပ်မံပြောကြားခဲ့ပြီး အဆုံးမရှိသော တိုက်ပွဲများ၌ လူထောင်ချီ သေဆုံးနေမှုကို မလိုလားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါတီစွဲ ဆန်လွန်းသော နိုင်ငံတော်မိန့်ခွန်းတွင် ထရန့်က နိုင်ငံခြားရေးမူဝါဒ အနည်းငယ်ကို ထည့်သွင်း ပြောကြားခဲ့ရာ တာလီဘန်တို့နှင့် စေ့စပ်ညှိနှိုင်းနေမှုများကို သူက ချီးကျူးခဲ့သည်။

“ တစ်ခြားနိုင်ငံတွေကို ဥပဒေစိုးမိုးရေး အေဂျင်စီအဖြစ် ဆောင်ရွက်ပေးဖို့က ကျွန်တော်တို့ရဲ့ အလုပ်တာဝန် မဟုတ်ပါဘူး၊ ဒီတပ်ဖွဲ့ဝင်တွေဟာ ကမ္ဘာမှာ အကောင်းဆုံး စစ်သည်တော်တွေပါ။ နိုင်အောင်တိုက်ဖို့နဲ့ မတိုက်ရင် လုံးဝ မတိုက်ဖို့ပဲ ရှိပါတယ်” ဟု ထရန့်က ကွန်ဂရက်တွင် ပြောကြားခဲ့သည်။

၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးနောက် အာဖဂန်နစ္စတန်တွင် စစ်ပွဲဆင်နွှဲခဲ့မှုသည် အသက်သွေးချွေးနှင့် ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုဟု ထရန့်က သတ်မှတ်ပြီး နိုင်ငံရပ်ခြားတွင် တပ်ဖွဲ့များ ထားရှိမှုကို မေးခွန်းထုတ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

တာလီဘန်တို့နှင့် ဒေးဗစ်စခန်းတွင် တွေ့ဆုံရန် ယမန်နှစ်က စီစဉ်ခဲ့သော်လည်း အမေရိကန်တစ်ဦး သေဆုံးခဲ့သော တိုက်ခိုက်မှုကြောင့် တာလီဘန်တို့နှင့် ဆွေးနွေးပွဲကို ထရန့်က ရုတ်တရက် ဖျက်သိမ်းခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် ၀ါရင့်စေ့စပ် ညှိနှိုင်းသူ ဇာမေးခါလီဇက်အား ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ထရန့်က စေလွှတ်ခဲ့သည်။

ကာတာတွင် လပေါင်းများစွာ စေ့စပ်ညှိနှိုင်းခဲ့ပြီး သဘောတူညီချက်မူကြမ်းအရ အမေရိကန်သည် တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမည်ဖြစ်ပြီး တာလီဘန်တို့က အာဖဂန်နစ္စတန်ကို အစွန်းရောက်တို့၏ အခြေစိုက်စခန်း ဖြစ်မလာစေရဟု ကတိပြုထားသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုထားသော အာဖဂန်အစိုးရနှင့်လည်း ဆွေးနွေးပွဲများ ကျင်းပရန် တာလီဘန်တို့က လက်ခံမည်ဖြစ်သည်။

ထရန့်သည် သူ၏မိန့်ခွန်းတွင် ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလက်မာဒူရိုအား ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုအား စင်မြင့်မှနေ၍ မိန့်ခွန်းတက်ရောက် နားထောင်ရန် ဖိတ်ကြားခဲ့သည်။

ထရန့်သည် သူ၏မိန့်ခွန်းတွင် နိုင်ငံခြား ရေးမူဝါဒကို အနည်းငယ်သာ အာရုံစိုက်ခဲ့ပြီး မြောက်ကိုရီးယားကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သော အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးမူဝါဒကိုလည်း ထရန့်က အနည်းငယ်သာ ထည့်သွင်းပြောကြားခဲ့သည်။

အီရန်၏ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေ မာနီအား သတ်ရန် အမိန့်ပေးခဲ့မှုနှင့် အီရန်အစိုးရအား ဖိအားပေးသည့် ဆောင်ရွက်မှုများကို ထရန့်က အသားပေးပြောကြားခဲ့သည်။

ထရန့်၏ နိုင်ငံတော်မိန့်ခွန်းသည် အမေရိကန် နိုင်ငံရေး အကွဲအပြဲကို ထင်ရှားစေသည့် သရုပ်ပြမှုဖြစ်ခဲ့ပြီး ဒီမိုကရက် ခေါင်းဆောင် နန်စီပယ်လိုစီက ထရန့်၏ မိန့်ခွန်းစာရွက် မိတ္တူကို ဆုတ်ဖြဲပစ်ခဲ့သည်။ ထရန့်၏မိန့်ခွန်းသည် သမ္မတသက်တမ်းအတွင်း ဒုတိယမြောက်မိန့်ခွန်းဖြစ်ပြီး တစ်နာရီ ၁၈ မိနစ် ကြာမြင့်ခဲ့သည်။

သမ္မတ၏နိုင်ငံတော်မိန့်ခွန်းသည် အစဉ်အလာအားဖြင့် နိုင်ငံရေး ရန်စဲသည့် အခိုက်အတန့် ဖြစ်သော်လည်း ထရန့်၏မိန့်ခွန်းက နိုဝင်ဘာရွေးကောက်ပွဲများ မတိုင်မီ အမေရိကန်တွင် နိုင်ငံရေးစစ်ပွဲ ပြင်းထန်မည့် အလားအလာကို ပြသခဲ့သည်။

ထရန့်သည် အစဉ်အလာကို မျက်ကွယ်ပြုခဲ့ပြီး အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းပယ်ခဲ့သည်။ ပယ်လိုစီက ထရန့်ကို လက်ကမ်းခဲ့ပြီး ထရန့်က လှည့်ထွက်သွားခဲ့ရာ ပေလိုဆီအား တု့ံဆိုင်းကျန်စေခဲ့သည်။ ဒီမိုကရက်တို့ ဦးဆောင်သော အောက်လွှတ်တော်က ထရန့်အား စွပ်စွဲပြစ်တင်ရန် လပေါင်းများစွာ စုံစမ်းစစ်ဆေးနေမှုက တင်းမာမှု၏ အဓိကအကြောင်းရင်း ဖြစ်ဖွယ်ရှိသည်။

 


READ NEXT
Cancel OK