
ဗိုင်းရပ်စ်ပိုးအသစ်ကြောင့် ဖြစ်ပွားသော တရုတ်နိုင်ငံမှ အသက်ရှူလမ်းကြောင်းဆိုင် ရာရောဂါကို ထိန်းချုပ်ရန် အားထုတ်လျက်ရှိရာ ကျန်းမာရေးအာဏာပိုင်များသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပျံ့နှံ့နိုင်သည့် အနေအထားအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း အမေရိကန်ပြည်ထောင်စု၏ အေပီသတင်းဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြခဲ့သည်။
အစိုးရအဖွဲ့များသည် ခရီးသွားလာမှု ကန့်သတ်ခြင်း၊ ဖျားနာနေသူများကို သီးခြားခွဲထားခြင်းနှင့် ရောဂါဖြစ်ပွားသည့်ဒေသများမှ ပြန်လည်ရောက်ရှိလာသော ခရီးသွားများကို ရောဂါလက္ခဏာရပ်များ စောင့်ကြည့်ရန် သီးခြားခွဲထားခြင်းတို့အား လုပ်ဆောင်လျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုတွင် အစိုးရ၏ တုံ့ပြန်မှုနှင့်ပတ်သက်သော အတိုင်းအတာနှင့် ကုန်ကျမှုသည် မြင့်တက်လျက်ရှိသည်။ အမေရိကန် ကျန်းမာရေးအာဏာပိုင်များသည် အလျင်အမြန်တုံ့ပြန်ရေး ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀၅ သန်း ထည့်သွင်းခဲ့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် နောက်ထပ် ဒေါ်လာ ၁၃၆ သန်း လိုအပ်နိုင်သည်ဟု ကွန်ဂရက်ကို သတိပေးထားပြီးဖြစ်သည်။
ယခု ရောဂါအသစ်နှင့်ပတ်သက်၍ သိမှတ်ဖွယ်တချို့ကို တင်ပြအပ်ပါသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာ (Pandemic)
အဆိုပါ ဗိုင်းရပ်စ်ပိုုးသည် တရုတ်နိုင်ငံအတွင်း၌သာ အကြီးအကျယ်ပျံ့နှံ့လျက်ရှိ ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအဖြစ် ရောက်ရှိမလာသေးပေ။ တရုတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၂၀၄၀၀ ကျော်ရှိသော်လည်း Pandemic ဟု သတ်မှတ်ရလောက်အောင် ကမ္ဘာတစ်လွှား၌ လုံလောက်သည့် ကူးစက်ခံရသူအရေအတွက် မရှိသေးပေ။ ယခုအထိ အခြားနိုင်ငံများ၌ ကူးစက်ခံရသူ စုုစုပေါင်း ဒါဇင်အနည်းငယ်မျှသာ ရှိသေးပြီး အများစုမှာလည်း တရုတ်နိုင်ငံမှ ပြန်လာသည့် ခရီးသွားများနှင့် ၎င်းတို့နှင့် အနီးကပ်ထိတွေ့သူများသာ ဖြစ်နေသည်။
အဆိုပါဗိုင်းရပ်စ်ပိုးအသစ်ကြောင့် သေဆုံးသူအရေအတွက် ၄၂၀ ကျော်သွားသော်လည်း တရုတ်နိုင်ငံ ပြင်ပ၌ သေဆုံးသူမှာ နှစ်ဦးသာ ရှိသေးသည်။
တရုတ်နိုင်ငံ၌ ရောဂါကူးစက်ပျံ့နှံ့ပုံ နည်းလမ်းအပေါ် အခြေခံလျက် စုံစမ်းစစ်ဆေးသူများက ရောဂါရရှိသူတစ်ဦးသည် ပျမ်းမျှအားဖြင့် အခြားလူပေါင်း ၂.၂ ဦးကို ရောဂါရစေသည်ဟု ယူဆကြသည်။
ယခုဗိုင်းရပ်စ်ပိုးသည် သာမန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးထက် အနည်းငယ်ပိုသော်လည်း ယခုဗိုင်းရပ်စ်ပိုးအသစ်နှင့် ဗီဇအရနီးစပ်သည့် SARS ဗိုင်းရပ်စ်ပိုးထက် ပြင်းထန်မှု လျော့နည်းသည်ဟု ဆိုသည်။
အစိုးရအဖွဲ့များသည် ယခုရောဂါကူးစက်ပျံ့နှ့ံမှုကို ကာကွယ်ရန်ဖြစ်နိုင်ဖွယ် Pandemic အနေအထားအတွက် ကြိုတင်ပြင်ဆင်လျက်ရှိပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် ရောဂါကူးစက်ပျံ့နှံ့မှုက အနည်းဆုံး တိုက်ကြီးနှစ်တိုက်ရှိလာပါက Pandemic ဟု သတ်မှတ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်