
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီသည် သြဂုတ် ၂ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိလာခဲ့သည်ဟု မလေးရှားနိုင်ငံပိုင် မီဒီယာကဖော်ပြခဲ့ပြီး ယင်းသည် ၎င်း၏အာရှခရီးစဉ် ဒုတိယခရီးတစ်ယောက်လည်းဖြစ်သည်။
ထိုင်ဝမ်သို့ သွားရောက်ရန် အလားအလာရှိနေသည့် ထိုခရီးစဉ်နှင့်ပတ်သက်၍ တရုတ်က အမျက်ဒေါသထွက်လျက်ရှိသည်။
တရုတ်က ထိုင်ဝမ်ကု ၎င်း၏ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ၎င်းအနေဖြင့် ထိုင်ဝမ်သို့ သွားရောက်မည်ဆိုပါက အကြီးအကျယ် ရန်စမှုအဖြစ် ယူဆရမည်ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးထားသည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပယ်လိုစီသည် မလေးရှားဝန်ကြီးချုပ်၊ မလေးရှားအောက်လွှတ်တော် ဥက္ကဋ္ဌတို့နှင့် မတွေ့ဆုံမီ မလေးရှားလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သည်ဟု မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့သည်။
စင်ကာပူနှင့် မလေးရှားခရီးစဉ်အပြီးတွင် ပယ်လိုစီအနေဖြင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်သော်လည်း ထိုင်ဝမ်သို့ သွားရောက်ဖွယ်ရှိသည့် အလားအလာက ထိုခရီးစဉ်အပေါ် အာရုံစိုက်မှု မြင့်တက်စေခဲ့သည်။
သမ္မတဘိုင်ဒင် အစိုးရအနေဖြင့် ထိုင်ဝမ်သို့ ပယ်လိုစီသွားရောက်ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်မှုကို နားလည်သိရှိထားသော်လည်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးကောင်စီ၏ ပြောခွင့်ရဂျွန်ကာဘီကမူ ၎င်းအနေဖြင့် ၎င်းသွားချင်သည့် နေရာသို့ သွားရောက်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။
“လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီအနေနဲ့ ထိုင်ဝမ်ကို သွားရောက်ခွင့်ရှိပါတယ်။ တရုတ်အနေနဲ့ အမေရိကန်က ကာလကြာမြင့်စွာ ရပ်တည်ကျင့်သုံးခဲ့တဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ အလားအလာရှိ ခရီးစဉ်ကို ဘေးကျပ်နံကျပ် အခြေအနေတစ်ခုအဖြစ် ပြောင်းလဲစရာအကြောင်းရင်းမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ သွားရောက်နိုင်ခြေရှိသော ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်က ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ထိုင်ဝမ်စစ်တပ်က သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။ နန်စီပယ်လိုစီ လာရောက်ဖွယ်ရှိသည့် ခရီးစဉ်နှင့် ပတ်သက်၍ ထိုင်ဝမ်အစိုးရကမူ နှုတ်ဆိတ်နေဆဲဖြစ်သည်။
ထိုင်ဝမ်ဝန်ကြီးချုပ် ဆုဆန်းချန်က ထိုခရီးစဉ်နှင့်ပတ်သက်၍ သတင်းထောက်များ၏မေးမြန်းမှုကို အတည်ပြုပြောဆိုခဲ့ခြင်း မရှိဘဲ ပယ်လိုစီ၏ ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်သတင်းစာ တစ်စောင်ဖြစ်သည့် Liberty Times ကမူ ပယ်လိုစီသည် သြဂုတ် ၂ ရက် ညပိုင်းတွင် ထိုင်ဝမ်ကျွန်းသို့ ရောက်ရှိလာမည်ဖြစ်ကာ နောက်တစ်နေ့တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နှင့် တွေ့ဆုံကာ မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း အမည်မဖော်သော သတင်းရင်းမြစ်များ၏အဆိုကို ကိုးကားဖော်ပြခဲ့သည်။
ထိုင်ဝမ်ပြည်သူ ၂၃ သန်းသည် ကျူးကျော်ခံရနိုင်ဖွယ်ရှိသည့် အခြေအနေအောက်တွင် ကာလကြာမြင့်စွာ နေထိုင်ခဲ့ရသည်။ မဟာအင်အားကြီး နှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်ခေါင်းဆောင် နှစ်ဦး၏ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုတွင် မီးနှင့်မကစားရန် တရုတ်သမ္မတ ရှီကျင်းပင်က အမေရိကန်ကို သတိပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်