
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီအနေဖြင့် သြဂုတ် ၂ ရက်နှောင်းပိုင်းတွင် တိုင်ပေသို့ ရောက်ရှိလာဖွယ်ရှိသည်ဟူသော မှန်းဆချက်များ ထွက်ပေါ်နေချိန်တွင် တရုတ်စစ်လေယာဉ် အချို့သည် ထိုင်ဝမ်ရေလက်ကြားကို ပိုင်းခြားထားသည့် အလယ်မျဉ်းအနီးသို့ ချဉ်းကပ်ပျံသန်းခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်က ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာပြောဆိုထားသည့် ထိုင်ဝမ်ကျွန်းသို့ သွားရောက်နိုင်ခြေရှိနေသည့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ၏ ခရီးစဉ်နှင့်ပတ်သက်၍ အကြိမ်ကြိမ်သတိပေးထားသည့်တိုင် ထိုခရီးစဉ်နှင့်ပတ်သက်၍ တရုတ်၏ စစ်လက်နက်အင်အားဖြင့် ခြိမ်းခြောက်နေမှုအပေါ် တုန်လှုပ်မည်မဟုတ်ကြောင်း အမေရိကန်က သြဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
သြဂုတ် ၂ ရက် မနက်ပိုင်းက တရုတ်စစ်လေယာဉ်များသည် အကဲဆတ်သော ရေလမ်းကြောင်းတစ်ခုဖြစ်သည့် ထိုင်ဝမ်ရေလက်ကြားကို ပိုင်းခြားထားသော အဆိုပါမျဉ်းအနီးသို့ ပျံသန်းခဲ့သည့်အပြင် တရုတ်စစ်သင်္ဘော အချို့သည်လည်း သြဂုတ် ၁ ရက်ကတည်းက အဆိုပါမျဉ်းအနီး၌ပင် ဆက်လက်ရှိနေခဲ့သည်ဟု ၎င်းသတင်းရင်းမြစ်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်၏ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များသည် သြဂုတ် ၂ ရက် နံနက်ပိုင်းက ထိုင်ဝမ်ရေလက်ကြားကို ပိုင်းခြားထားသည့် အလယ်မျဉ်းအနီးသို့ ရောက်ရှိနေခဲ့သည်ဟုလည်း ၎င်းသတင်းရင်းမြစ်က ဆိုသည်။
တရုတ်လေယာဉ်များသည် သြဂုတ် ၂ ရက် နံနက်ပိုင်းက အလယ်မျဉ်းနှင့် ထိကပ်သည်အထိ အချိန်တိုတောင်းသော နည်းဗျူဟာမြောက် ပျံသန်းလှုပ်ရှားမှုများကို အကြိမ်ကြိမ်ပြလုပ်ခဲ့ပြီးမှ ထိုင်ဝမ်ရေလက်ကြား၏ အခြားတစ်ဖက်သို့ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် အနီးနားတွင် ထိုင်ဝမ်စစ်လေ ယာဉ်များကလည်း အသင့်အနေအထားဖြင့် ရှိနေခဲ့သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ ပုံမှန်အားဖြင့် တရုတ်နှင့် ထိုင်ဝမ်တို့၏လေယာဉ်များသည် အလယ်မျဉ်းကို ဖြတ်ကျော်ပျံသန်းခြင်းမရှိပေ။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်းကို မိမိတို့အနေဖြင့် အလုံးစုံသိရှိထားပြီးဖြစ်ကြောင်းနှင့် ရန်သူ့ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် တပ်ဖွဲ့ဝင်များကို သင့်တော်သလို စေလွှတ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကမူ တစ်စုံတစ်ရာမှတ်ချက်ပေးခြင်း မရှိသေးပေ။
ထိုင်ဝမ်နှင့် မျက်နှာချင်းဆိုင်တည်ရှိကာ စစ်အင်အားအလုံးအရင်း ဖြန့်ကြက်ထားရှိရာနေရာလည်းဖြစ်သည့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှာမန်မြို့တွင် သြဂုတ် ၂ ရက်က သံချပ်ကာယာဉ်များ သွားလာလှုပ်ရှားနေပုံကို မြင်တွေ့ရကြောင်း မြို့ခံများက ပြောကြားခဲ့ပြီး အွန်လိုင်းတွင်လည်း ဓာတ်ပုံများ တင်ထားခဲ့သည်ဟု သိရသည်။ တရုတ်၏ ဆိုရှယ်မီဒီယာဖြစ်သော တွစ်တာနှင့် အလားသဏ္ဌာန်တူသည့် ဝေပိုတွင် ပယ်လိုစီ၏ခရီးစဉ်သည် လူပြောအများဆုံး အကြောင်းအရာဖြစ်နေခဲ့သည်ဟု ဆိုသည်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် တိုင်ပေသို့ ရောက်ရှိလာဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ အာရှခရီးစဉ်အဖြစ် ပယ်လိုစီသည် သြဂုတ် ၁ ရက်က စင်ကာပူသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၂ ရက်တွင် မလေးရှားသို့ ရောက်ရှိနေကာ တောင်ကိုရီးယားနှင့် ဂျပန်သို့လည်း ဆက်လက်သွားရောက်မည်ဖြစ်ပြီး ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်