Top News

နန်စီပယ်လိုစီ ထိုင်ဝမ်သွားရန် အလားအလာရှိသောခရီးစဉ်နှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာအောင် လုပ်ဆောင်ခြင်းမပြုရန် အမေရိကန်က တရုတ်ကို သတိပေး
24htopnews | December 15, 2024 10:12 AM CST

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ထိုင်ဝမ်သွားရန် အလားအလာရှိသောခရီးစဉ်နှင့်ပတ်သက်၍ တရုတ်အနေဖြင့် တင်းမာမှုမြင့်တက်စေသော ကိစ္စများကို လုပ်ဆောင်ခြင်းမပြုရန် ဘိုင်ဒင်အစိုးရတာဝန်ရှိသူများက သတိပေးလျက်ရှိပြီး သွားရန်အလားအလာရှိသော ခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၌ အပြောင်းအလဲဖြစ်ပေါ်ခြင်းကို အမှတ်အသားပြုမည်မဟုတ်ဟု အလေးပေးပြောကြားခဲ့ကြသည်။

“ကာလရှည်အမေရိကန်မူဝါဒနဲ့ ကိုက်ညီနေတဲ့ အလားအလာရှိခရီးစဉ်ကို ပေကျင်းအနေနဲ့ အကျပ်အတည်းပုံစံ ဒါမှမဟုတ် ပဋိပက္ခပုံစံတစ်မျိုးမျိုးအဖြစ် ပြောင်းလဲသွားအောင် လုပ်ဆောင်ဖို့ အကြောင်းမရှိပါဘူး။ ထိုင်ဝမ်တစ်ဝိုက် ဒါမှမဟုတ် ထိုင်ဝမ်မှာ စစ်ရေးလှုပ်ရှားမှုအတင်းအကျပ် လုပ်ဆောင်တာကို တိုးမြှင့်ဖို့ ပေကျင်းအနေနဲ့ ယိုးမယ်ဖွဲ့တဲ့သဘော ဤအလားအလာရှိခရီးစဉ်ကို အသုံးချတာမျိုး လုပ်ဖို့အကြောင်း မရှိပါဘူး” ဟု ဆက်သွယ်ရေးများဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီမဟာဗျူဟာ စေ့စပ်ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက သြဂုတ် ၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပယ်လိုစီသည် သွားရောက်လျက်ရှိသော အာရှခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် ထိုင်ဝမ်ကိုသွားမည်ဟု မျှော်လင့်ရကြောင်း အကြီးတန်းထိုင်ဝမ်တာဝန်ရှိသူတစ်ဦးနှင့် အမေရိကန်တာဝန်ရှိသူတို့၏ ပြောကြားချက်များ အရသိရသည်။ ယခုကဲ့သို့ အထင်ကရခရီးစဉ်အပေါ် တရုတ်၏ တုံ့ပြန်မှုကို စိုးရိမ်နေသော ဘိုင်ဒင်အစိုးရတာဝန်ရှိသူများက သတိပေးပြောဆိုမှုများပြုလုပ်နေသည့်တိုင် ပယ်လိုစီအနေဖြင့် ထိုင်ဝမ်ကိုသွားမည်ဟု မျှော်လင့်ရသည်။ ၂၅ နှစ်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအတွက် ပထမဆုံးဖြစ်လာမည့် ခရီးတစ်ထောက်မှာ ပယ်လိုစီ၏ခရီးစဉ်ထဲတွင် လောလောဆယ်ပါဝင်ခြင်းမရှိပေ။ အမေရိကန်-တရုတ် ဆက်ဆံရေးများ အနိမ့်ကျဆုံးဖြစ်နေချိန်တွင် ပယ်လိုစီ ထိုင်ဝမ်ကိုသွားရန် အလားအလာရှိသော ခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပယ်လိုစီသွားရန်ရှိနေသော ထိုင်ဝမ်ခရီးစဉ်မတိုင်မီ တရုတ်အစိုးရတာဝန်ရှိသူများက လေလုံးထွားပြောဆိုမှုများ ပိုမိုလုပ်ဆောင်ခဲ့ကြသည်။ တရုတ်က မိမိပိုင်နက်ဟု ပြောကြားထားသော ကိုယ့်ဘာသာအုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို ပယ်လိုစီသွားရန်စီစဉ်ထားသောခရီးစဉ်၏ ကမ်းကုန်လောက်သော နိုင်ငံရေးသက်ရောက်မှုကို သြဂုတ် ၁ရက် ပုံမှန်ပြုလုပ်နေကျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်က သတိပေးခဲ့သည်။ မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေစည်းလုံးညီညွတ်မှုတို့ ခြိမ်းခြောက်ခံနေရသည်ဟုယူဆပါက တရုတ်နိုင်ငံသည် ဤအတိုင်း ထိုင်နေကြည့်နေမည်မဟုတ်ဟု တရုတ်တာဝန်ရှိသူများက ထပ်လောင်းပြောကြားခဲ့ကြသည်။

တရုတ်စစ်တပ်က ထိုင်ဝမ်ကို ရည်ညွှန်းခြင်းမရှိသော်လည်း တရုတ်စစ်တပ်၏ အရှေ့ပိုင်းစစ်ဒေသကွပ်ကဲရေးဌာနက “ဝင်လာသောရန်သူများကို မြှုပ်ပစ်မည်” ဟု ပြောကြားထားသော ဗီဒီယိုကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပြီး လက်နက်များနှင့် တိုက်ခိုက်ရေးနည်းဗျူဟာများကို ထုတ်ဖော်ပြခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပယ်လိုစီသည် ယခုအခါ မလေးရှားနိုင်ငံကို ရောက်ရှိနေသည်။                   

 


READ NEXT
Cancel OK