Top News

အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားတွင် ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ 
24htopnews | December 15, 2024 10:12 AM CST

အင်ဒိုနီးရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဇူလိုင်လထဲတွင် ခုနစ်နှစ်အတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့ကာ ၄.၉၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး ဗဟိုဘဏ်၏ မျှော်မှန်းချက်ထက် သိသိသာသာကျော်လွန်သွားခဲ့သည်ဟု သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

သို့ရာတွင် စားသောက်ကုန်နှင့် စွမ်းအင်ကဏ္ဍ မပါဝင်သော ငွေကြေးဖောင်းပွမှုနှုန်းမှာမူ မျှော်မှန်းပမာဏအတွင်း၌ပင် ရှိနေသေးသည်ဟု ဗဟိုဘဏ်က ဆိုသည်။

ဇူလိုင်လထဲတွင် အင်ဒိုနီးရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပြီး ရိုက်တာသတင်းဌာနက ပြုလုပ်ခဲ့သည့် လူထုစစ်တမ်းတစ်ရပ်တွင်မူ ငွေကြေးဖောင်းပွမှုနှုန်း ၄.၈၂ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းထားကာ ဇွန်လတွင် ငွေကြေးဖောင်းပွမှုသည် ၄.၃၅ ရာခိုင်နှုန်းရှိခဲ့သည်ဟု သိရသည်။

အစိုးရကထိန်းချုပ်ထားသည့် စျေးနှုန်းများနှင့် မတည်ငြိမ်သော စားသောက်ကုန်စျေးနှုန်းများကို ထည့်သွင်းတွက်ချက်ခြင်းမရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းသည် မျှော်မှန်းချက်များနှင့် မတိမ်းမယိမ်းရှိခဲ့ပြီး ၂.၈၆ ရာခိုင်နှုန်းရှိခဲ့ကာ ပြီးခဲ့သည့်လတွင်မူ ၂.၆၃ ရာခိုင်နှုန်းရှိခဲ့သည်။

အင်ဒိုနီးရှားဗဟိုဘဏ်က အထွေထွေငွေကြေးဖောင်းပွမှုနှုန်းကို နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအကြား မျှော်မှန်းခဲ့သော်လည်း မူဝါဒရေးဆွဲချမှတ်သူများကမူ အစိုးရထိန်းချုပ်ထားသည့် စျေးနှုန်းများနှင့် မတည်ငြိမ်သော စားသောက်ကုန်စျေးနှုန်းများကို ထည့်သွင်းတွက်ချက်ခြင်းမရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းဖြင့် ချိန်ထိုးကာ ငွေကြေးထိန်းချုပ်မှုနှင့် ပတ်သက်၍ ဆုံးဖြတ်သွားရန် ပိုမိုလိုလားနေသည်။

အင်ဒိုနီးရှားဗဟိုဘဏ်သည် ယခုနှစ်ထဲတွင် ဘဏ်များ၏ အရန်ငွေလိုအပ်ချက် အချိုးအစားကို တိုးမြှင့်ခြင်း၊ ငွေတိုက်စာချုပ်အချို့ကို ထုတ်ရောင်းခြင်းနှင့် ပွင့်လင်းသောစီးပွားရေး လည်ပတ်လုပ်ကိုင်မှုများကို အသုံးချလျက် အရန်အာမခံငွေထားရှိမှုကို လျှော့ချကာ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးသက်ရောက်မှုများကို ကုစားသည့် အစီအစဉ်အချို့အား လျှော့ချခဲ့သည်ဟု သိရသည်။

အင်ဒိုနီးရှားဗဟိုဘဏ်သည် စံအတိုးနှုန်းထားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းကပင် ၃.၅ ရာခိုင်နှုန်းသို့ စံချိန်တင်လျှော့ချခဲ့ခြင်းဖြစ်သည်။

“အစိုးရက ထိန်းချုပ်ထားတဲ့ စျေးနှုန်းတွေနဲ့ မတည်ငြိမ်တဲ့ စားသောက်ကုန်စျေးနှုန်းတွေကို ထည့်သွင်းတွက်ချက်ခြင်း မရှိတဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို မူဝါဒချမှတ်သူတွေက စောင့်ကြည့်နေချိန်မှာပဲ အနုတ်သဘောဆောင်တဲ့ နှုန်းထားတွေနဲ့ ငွေကြေးဖောင်းပွမှုဆိုင်ရာ မျှော်မှန်းချက်တွေအတိုင်း ထိန်းမတ်ပေးဖို့ လိုအပ်လာတဲ့ အခြေအနေတွေကြောင့် အခုနှစ်တတိယသုံးလပတ် နှောင်းပိုင်းလောက်မှာ နှစ်တိုးနှုန်းတိုးမြှင့်ရေးအပေါ် အာရုံစိုက်လာစေမှာဖြစ်တယ်” ဟု DBS ဘဏ်မှ ဘောပဗေဒပညာရှင်တစ်ဦးဖြစ်သူ ရက်ဒီကာရာအိုက ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ဖြူးမှုကွင်းဆက်အပေါ် ထိခိုက်မှုများနှင့် ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့်  အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံသည် စားသောက်ကုန်စျေးနှုန်းများ သိသိသာသာ မြင့်တက်မှုနှင့် ရင်ဆိုင်နေရသည်။ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် စားအုန်းဆီထုတ်လုပ်မှုအများဆုံးနိုင်ငံလည်းဖြစ်သည်။

 


READ NEXT
Cancel OK