Top News

မကာအိုတွင် ကိုးရက်အတွင်း COVID-19 ကူးစက်မှုဖြစ်စဉ် မရှိသောကြောင့်  မြို့ကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်
24htopnews | December 15, 2024 10:12 AM CST

ကမ္ဘာ့အကြီးဆုံးလောင်းကစားမြို့ဖြစ်သည့် မကာအိုတွင် ကိုးရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေချိန်တွင် အာဏာပိုင်များက သြဂုတ် ၂ ရက်မှစ၍ ပြည်သူ့ဝန်ဆောင်မှုများနှင့် ဖျော်ဖြေရေးနေရာများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အလှပြင်ဆိုင်များ၊ အားကစားရုံများနှင့် ဘားများကိုလည်း ပြန်လည်လည်ပတ် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒေသခံများအနေဖြင့်အပြင်သို့ ထွက်သည့်အခါ နှာခေါင်းစည်းတပ်ဆင်ထားကြရန် လိုအပ်ကြောင်းနှင့် အပန်းဖြေနေရာများသို့ သွားရောက်လိုလျှင် သုံးရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိကြောင်း စစ်ဆေးချက်ပြသရန်လိုအပ်သည်ဟု ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ထားသည်။

“မကာအိုမှာ ကိုးရက်ဆက်တိုက် ပြည်တွင်းကူးစက်မှုဖြစ်စဉ်မရှိဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းကလည်း သိသိသာသာလျော့ကျသွားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကာအိုတွင် ၎င်း၏အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်သည့်အချိန်ဖြစ်သည့် ဇွန်လလယ်ပိုင်းမှစ၍ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈၀၀ ဝန်းကျင်ရှိပြီး ယင်းအချိန်မှစ၍ လောင်းကစားရုံများကို ပိတ်ခဲ့ရကာ မြို့၏နေရာအများစုကို Lockdown ချခဲ့ရသည်။

မကာအိုအာဏာပိုင်များက စီးပွားရေးလုပ်ငန်းအများစုနှင့် အဆောက်အအုံများအား ပိတ်ထားရန်လိုအပ်သော တင်းကျပ်သည့်ကန့်သတ်ချက်စည်းမျဉ်းများကို စတင်ဖြေလျှော့ခဲ့သောကြောင့် ဇူလိုင် ၂၃ ရက်တွင် ၎င်း၏လောင်းကစားရုံများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မကာအိုတွင် ဇူလိုင် ၃၀ ရက်၌ကမ်းခြေနှစ်ခုကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မည့်အရေးကို စိုးရိမ်သောကြောင့် ရေကူးခွင့်နှင့် ရေနှင့်ပတ်သက်သည့် အားကစားများ ပြုလုပ်မှုကို တားမြစ်ပိတ်ပင်ထားသည်။       

ယင်းသည် မကာအိုက အလွန်ကူးစက်မြန်အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်နှင့် ရင်ဆိုင်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

မကာအိုဒေသခံများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် COVID-19 ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပြီးသော်လည်း အာဏာပိုင်များက တရုတ်ပြည်မကြီး၏ ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာအတိုင်း အနီးစပ်ဆုံးလိုက်လံကျင့်သုံးလုပ်ဆောင်ခဲ့သည်။

မြို့ရှိတစ်ခုတည်းသော ပြည်သူ့ဆေးရုံသည် ကပ်ရောဂါမတိုင်မီကပင် အလွန်အကျွံ ဝန်ပိနေခဲ့သည်။

မကာအို၏လောင်းကစားရုံများကို ဖွင့်လှစ်ထားသော်လည်း တင်းကျပ်သောကန့်သတ်ချက်များကို ဆက်လက်ချမှတ်ထားသောကြောင့် သီတင်းပတ်အနည်းငယ်ကြာ စီးပွားရေးလုပ်ဆောင်မှုများ မပြုလုပ်ဖွယ်ရှိနေသည်ဟု သုံးသပ်သူများက ပြောကြားခဲ့သည်။Sands China၊ Wynn Macau၊ MGM China၊ Galaxy Enterteinment၊ SJM Holdings နှင့် Melco Resorts တို့သည် လက်ရှိတွင် မကာအို၌ လိုင်စင်ရလောင်းကစားရုံများဖြစ်သည်။ ၎င်းတို့လိုင်စင်များသည် ယခုနှစ်ကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။                                 

 


READ NEXT
Cancel OK