Top News

ရုရှားနှင့် ယူကရိန်း စစ်ပွဲကြောင့် ဆိပ်ကမ်းတွင် ပိတ်မိနေသော ကောက်ပဲသီးနှံများကို ယူကရိန်းက စတင်တင်ပို့ပြီဟု တူရကီ ထုတ်ပြန်
24htopnews | December 15, 2024 10:12 AM CST

တောင်ပိုင်းမြို့ကြီးမိုင်ကိုလိုက်ဗ်ကို ရုရှား၏ ရက်ရက်စက်စက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုက စိုက်ပျိုးရေးသူဌေးတစ်ဦးကို သေဆုံးစေခဲ့သည် ယူကရိန်းက ထုတ်ဖော်ပြောကြားစဉ် သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် ပထမအသုတ် ယူကရိန်းကောက်ပဲသီးနှံများ တင်ဆောင်ထားသော ကုန်သင်္ဘောရာဇိုနီသည် အိုဒက်ဆာဆိပ်ကမ်းမြို့မှ ထွက်ခွာသွားပြီဟု တူရကီက ထုတ်ပြန်ခဲ့သည်။

ဂျုံ၊စပါးစသည် ကောက်ပဲသီးနှံ ကမ္ဘာ့အများဆုံးတင်ပို့သောနိုင်ငံများဖြစ်သည့် ရုရှားနှင့် ယူကရိန်းတို့ စစ်ခင်းနေခြင်းက အဆိုပါကောက်ပဲသီးနှံများ တင်ပို့မှုကို အဟန့်အတားဖြစ်စေခဲ့သည်။ ထို့ကြောင့် အစားအသောက်စျေးများ မြင့်တက်လာကာ အထူးသဖြင့်ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများသည် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်း သက်သာစေရေးကို ရည်ရွယ်သောအထင်ကရ သဘောတူညီချက်တစ်ခုကို နှစ်ဖက်စလုံးက တူရကီ၊ ကုလသမဂ္ဂတို့နှင့်အတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

“အစ္စတန်ဘူလ်မြို့ကို သြဂုတ် ၂ ရက်မှာ ရောက်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးရင်တော့ အစ္စတန်ဘူလ်မှာ စစ်ဆေးတာတွေ လုပ်ပြီးတဲ့အခါ ကောက်ပဲသီးနှံတွေတင်ထားတဲ့ သင်္ဘောဟာ ခရီးဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်” ဟူ တူရကီက ထုတ်ပြန်ခဲ့သည်။

အစောင့်အရှောက်ပါသော အခြားရေယာဉ်စုများသည်လည်း ဆက်လက်ထွက်ခွာလာမည်ဖြစ်ပြီး ၎င်းတို့သည် ရေလမ်းကြောင်းနှင့် သဘောတူထားသော လုပ်ထုံးလုပ်နည်းများကို လေးစားမည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ရာဇိုနီကုန်သင်္ဘောသည် ပြောင်းမက်ထရစ်တန်ချိန် ၂၆၀၀၀ ကျော်ကို တင်ဆောင်သွားသည်ဟု ကောက်ပဲသီးနှံပို့ကုန်များကို ကြီးကြပ်သောအသင်းဖြစ်သည့် ပူးတွဲပူးပေါင်းဆောင်ရွက်ရေးစင်တာက ထုတ်ပြန်ခဲ့သည်။

အလွန်အမင်းလိုအပ်နေသော ကောက်ပဲသီးနှံပို့ကုန်များ တင်ပို့မှုသည် ကြိုဆိုရမည့် ကိစ္စဖြစ်သည်ဆိုသော်လည်း ယူကရိန်းစစ်ပွဲသည် ဆက်လက်ပြင်းထန်လျက်ရှိသည်။

ယူကရိန်းအရှေ့ပိုင်းမြို့လေး ဘတ်မွတ်ကို ရုရှားက လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းကို အေအက်ဖ်ပီသတင်းထောက်များက မြင်တွေ့ခဲ့ကြသည်။  ရုရှားထိုးစစ်ကို ဆိုးဆိုးရွားရွားခံနေရသည့်  ရှေ့တန်းဒေသ ဒိုးနက်မှ အရပ်သားများ စွန့်ခွာကြရန် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ဆော်သြခဲ့သည်။

ညဘက်တွင်ရုရှား၏ ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အနည်းဆုံးအရပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု ဇူလိုင် ၃၁ ရက်တွင် မိုင်ကိုလိုက်ဗ်အာဏာပိုင်များက ပြောကြားခဲ့ကြသည်။

“မီးကုန်ယမ်းကုန်စစ်ပွဲဖြစ်ပွားနေတဲ့ ကာလတစ်ခုလုံးမှာ ဒီကနေ့ မိုင်ကိုလိုက်ဗ်နဲ့ (ဒိုးနက်)ဒေသတို့ဟာ အရက်စက်ဆုံးတိုက်ခိုက်မှုတစ်ခုကို ကြုံခဲ့ကြရတာဖြစ်ပါတယ်။ ဒုံးကျည်၊ ရော့ကတ်အများအပြားတိုက်ခိုက်တာနဲ့ ကြုံတွေ့ရတာဖြစ်ပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းစိုက်ပျိုးရေးလုပ်ငန်းရှင်သူဌေးကြီး အိုလက်စီဗာဒါတာစကီး(၇၄ နှစ်) နှင့် ၎င်း၏ဇနီးတို့၏ နေအိမ်ကို ဒုံးကျည်ထိမှန်ခဲ့သဖြင့် ၎င်းတို့ဇနီးမောင်နှံသေဆုံးသွားသည်ဟု ယူကရိန်းအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။                

 


READ NEXT
Cancel OK