Top News

ရောပတွင် COVID-19 ကြောင့် သေဆုံးသူ မြင့်တက်လာနိုင်ဟု WHO သတိပေး
24htopnews | December 16, 2024 8:12 PM CST

ဥရောပတွင် ဒီဇင်ဘာလမတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လူ ၂၃၆,၀၀၀ ကျော် သေဆုံးနိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သြဂုတ် ၃၀ ရက်တွင် သတိပေးခဲ့ပြီး ဥရောပတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်မှုနှင့် ကာကွယ်ဆေးထိုးနှံမှုနှုန်း တန့်နေခြင်းတို့အပေါ် သတိပေးနှိုးဆော်ခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံတွင် ကပ်ရောဂါ စတင်ဖြစ်ပေါ်ချိန်ကတည်းက ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄.၅ သန်းကျော်ရှိလာကြောင်း အေအက်ဖ်ပီသတင်းဌာန၏စစ်တမ်းတွင် သြဂုတ် ၃၀ ရက်က ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။

အလွန်ကူးစက်မြန် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက်မှုနှုန်း တစ်ဖန် ပြန်လည်မြင့်တက်လာပြီး အထူးသဖြင့် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအကြား ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများကို ဖြေလျှော့မှုများကြောင့် ဖြစ်သည်။

ထပ်မံပေါ်ပေါက်လာသည့် စိုးရိမ်မှုများ၏ သင်္ကေတတစ်ရပ်အဖြစ် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေသည့် အမေရိကန်မှ ခရီးသွားများကိုု ခရီးသွားလာမှုကန့်သတ်ချက်များ ပြန်လည်ချမှတ်ရန် ဥရောပသမဂ္ဂက အဖွဲ့ဝင် နိုင်ငံများကို သြဂုတ် ၃၀ ရက်က အကြံပြုပြောကြားခဲ့သည်။

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း တစ်ဖန်မြင့်တက်လာနိုင်ပြီး အထူးသဖြင့် ဘော်လ်ကန်၊ ကော့ကေးဆပ်နှင့် ဗဟိုအာရှရှိ ဆင်းရဲသောနိုင်ငံများတွင် ယင်းအခြေအနေများကို တွေ့ကြုံနိုင်ကြောင်း WHO ၏ ဥရောပဆိုင်ရာ အကြီးအကဲက ပြောကြားခဲ့သည်။

“ လွန်ခဲ့တဲ့သီတင်းပတ်က ဥရောပမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မတိုင်မီ ဥရောပမှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၃၆,၀၀၀ ကျော် ထပ်တိုးလာနိုင်ပါတယ်” ဟု WHO ၏ ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်းကလော့ခ်က ပြောကြားခဲ့သည်။

ဥရောပတွင် ယနေ့အချိန်အထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁.၃ သန်းဝန်းကျင် ရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

WHO ဥရောပ၏အဖွဲ့ဝင်နိုင်ငံ ၅၃ ခုတွင် ၃၃ ခု၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းနှင့် သေဆုံးမှုှုနှုန်းသည် လွန်ခဲ့သည့် သီတင်းနှစ်ပတ်ထက် ၁၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်တက်လာကြောင်း၊ ယင်း ၃၃ နိုင်ငံတွင် အထူးသဖြင့် ဆင်းရဲသောနိုင်ငံများ၌ ဖြစ်ကြောင်းက လေ့ာခ်က ပြောကြားခဲ့သည်။

ဥရောပတစ်ဝန်းရှိ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေခြင်းသည် အလွန်စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေဖြစ်ပြီး အထူးသဖြင့် ဦးစားပေးလူအုပ်စုကို ကာကွယ်ဆေးထိုးနှံမှု အားနည်းနေသည့် နိုင်ငံအချို့တွင် ဖြစ်သည်ဟု ဆိုသည်။

ဒယ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်နေချိန်တွင် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ခြင်းနှင့် နွေရာသီခရီးသွားလာမှု မြင့်တက်နေခြင်းများကြောင့် ကူးစက်မှုနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း ကလေ့ာခ်က ပြောကြားခဲ့သည်။ WHO ၏ ဥရောပဒေသတွင်းရှိ လူဦးရေထက်ဝက်နီးပါးသည် ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးသော်လည်း ဒေသတွင်းကာကွယ်ဆေး ထိုးနှံမှုနှုန်း နှေးကွေးနေသည်။


READ NEXT
Cancel OK