Top News

သူလျှိုလုပ်မှု စွပ်စွဲချက်ဖြင့် Huawei အမှုဆောင်အရာရှိ ပိုလန်တွင် အဖမ်းခံရ
24htopnews | December 18, 2024 4:12 PM CST

သူလျှိုလုပ်သည်ဟု  စွပ်စွဲချက်များဖြင့်  ပိုလန်နိုင်ငံတွင် ဖမ်းဆီးခံထားရသော  Huawei မှ ဝန်ထမ်း ဝမ်ဝေကျင်အတွက် ကောင်စစ်ဝန်ရုံး အဆက်အသွယ်ရရှိစေရန် တရုတ်အစိုးရက ကြိုးပမ်းပေးနေသည်ဟု အစိုးရပိုင် မီဒီယာတွင် ဇန်နဝါရီ ၁၂ ရက်က ဖော်ပြခဲ့သည်။

ဝမ်ဝေကျင် ဖမ်းဆီးထိန်းသိမ်းခဲ့ရမှုနှင့် ပတ်သက်ပြီး တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေကြောင်း၊ ဝမ်ဝေကျင်ထံသို့ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများအမြန်ဆုံး  လာရောက်နိုင်ရန် စီစဉ်ပေးရေးအတွက် တောင်းဆိုထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို ကိုးကားပြီး အစိုးရပိုင်ရုပ်သံ CCTV တွင် ဖော်ပြခဲ့သည်။

ဝမ်ဝေကျင်အပေါ် လူသားချင်းစာနာ ထောက်ထားပြီး ပြုမူဆက်ဆံရေး၊ ဥပဒေဆိုင်ရာအခွင့်အရေးများ ရရှိစေရေးတို့အတွက် ပိုလန်အစိုးရကို ပိုလန်ရှိ တရုတ်သံရုံးက တောင်းဆိုထားသည်ဟု သိရသည်။

ဇန်နဝါရီ ၈ ရက်က ဝမ်နှင့်အတူ ပိုလန် အမျိုးသား တစ်ဦးသည်လည်း သူလျှိုမှုဖြင့် စွပ်စွဲခံရကာ ဖမ်းဆီးခံခဲ့ရသည်။ ထိုအမျိုးသားနှစ်ဦးစလုံးသည် ပိုလန်၏ အကျိုးစီးပွား ပျက်ပြားစေရန် တရုတ်အစိုးရအဖွဲ့အစည်းများအတွက် အလုပ်လုပ်ပေးနေသည်ဟု သံသယရှိခံထားရကြောင်း ပိုလန်အထူးစုံစမ်းရေးအဖွဲ့ (Special Services) မှ ပြောခွင့်ရပုဂ္ဂိုလ် စတန်နီစလောဇာယန်က  ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦး နေထိုင်ရာတိုက်ခန်းများ၊ လုပ်ငန်းခွင်များကိုလည်း ရှာဖွေခဲ့ကြောင်း၊ ပိုလန်နိုင်ငံသား သံသယရှိခံရသူမှာ အစိုးရ အဖွဲ့အစည်းအချို့တွင် အလုပ်လုပ်ခဲ့သူဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝမ်၏ ပိုလန်အမည်မှာ စတန်နီစလောဝမ်ဖြစ်သည်။ LinkedIn ရှိ စတန်နီစလော ဝမ်အကောင့်တွင် ဖော်ပြချက်အရ ဝမ်သည် နည်းပညာကုမ္ပဏီ Huawei ၌အလုပ် မလုပ်မီက ပိုလန်နိုင်ငံ၊ဒန့်စ်က်မြို့ရှိ တရုတ်ကောင် စစ်ဝန်ရုံးတွင် အလုပ်လုပ်ခဲ့သည်ဟု ပိုလန်မီဒီယာ TVP တွင် ဖော်ပြခဲ့သည်။ ဝမ်သည် Huawei တွင် လူထုဆက်ဆံရေး ဒါရိုက်တာတစ်ဦးအဖြစ် ငါးနှစ်ကျော်အလုပ်လုပ်ခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်တွင် အရောင်းဌာန ဒါရိုက်တာဖြစ်သည့် လက်ရှိရာထူးကို ရရှိခဲ့သည်။ ၎င်းသည် နိုင်ငံခြားရေးရာလေ့လာရေး ဘာသာဖြင့် ပေကျင်းတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူဖြစ်သည်။

ဝမ် ဖမ်းဆီးခံရမှုသည် Huawei လုပ်ငန်းအတွက် နောက်ဆုံးထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ Huawei မှ ဘဏ္ဍာရေး အကြီးအကဲ မုန်ဝမ်ကျိုးသည်လည်း အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုများကို ချိုးဖောက်သည်ဟု စွပ်စွဲခံရပြီး အမေရိကန်၏ တောင်းဆိုမှုကြောင့် ပြီးခဲ့သည့်လကပင် ကနေဒါ၌ ဖမ်းဆီးခံလိုက်ရသည်။

ထိုဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံထဲတွင် မျိုးချစ်စိတ်များထကြွလာပြီး တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ဝန်ထမ်းများအား Huawei စမတ်ဖုန်းများကို ဝယ်ယူရန် တိုက်တွန်းခြင်း၊ ထောက်ပ့ံကြေးများ ထုတ်ပေးခြင်း တို့ လုပ်ဆောင်လာခဲ့ကြသည်။

ကမ္ဘာတစ်ဝန်းတွင် မမျှမတဆက်ဆံခံနေရသော်လည်း ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေသည် ၂၁ ရာခိုင်နှုန်းမြင့်တက်လာမည် ဟု မျှော်မှန်းကြောင်း Huawei က ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။     

 

 


READ NEXT
Cancel OK