Top News

မက်ဆီဒိုးနီးယား နိုင်ငံအမည် သမိုင်းဝင်ပြောင်းလဲရန် လွှတ်တော်အမတ်များ သဘောတူ
24htopnews | December 18, 2024 4:12 PM CST

“မြောက်မက်ဆီဒိုးနီးယား သမ္မတနိုင်ငံ” ဟု နိုင်ငံ၏ အမည်ကို ပြောင်းလဲရန် မက်ဆီဒိုးနီးယား နိုင်ငံရေး သမားများက ဇန်နဝါ ရီ ၁၁ ရက်တွင် မဲပေးဆုံးဖြတ် ခဲ့ကြသည်။ ယင်းကြောင့် ဂရိနှင့် ဆယ်စုနှစ်များစွာကြာ အငြင်းပွားမှုကို ပြီးပြတ်စေမည်ဖြစ်ပြီး နေတိုးနှင့် ဥရောပသမဂ္ဂ အဖွဲ့များထဲသို့ ဝင်နိုင်ရန် နိုင်ငံအတွက်လည်း လမ်းပွင့်သွားစေမည်ဖြစ်သည်။

အမတ်နေရာ ၁၂၀ ရှိသော လွှတ်တော်ထဲတွင် အမတ် ၈၁ ဦးက နိုင်ငံအမည် ပြောင်းလဲရေးကို ထောက်ခံခဲ့ကြသဖြင့် လိုအပ်သော အမတ်သုံးပုံနှစ်ပုံ၏ ထောက်ခံမှုရရှိရန် သတ်မှတ်ချက်ကို ပြည့်မီခဲ့သည်ဟု ပါလီမန်ဥက္ကဋ္ဌ တာလတ်ရှာဖာရီက ပြောကြားခဲ့သည်။

သို့သော် အဆိုပါ နိုင်ငံအမည် ပြောင်းလဲခြင်းသည် ဂရိပါလီမန်တွင် အတည်ပြုပြီးမှသာ စတင်အသက်ဝင်မည် ဖြစ်သည်။

မက်ဆီဒိုးနီးယား လွှတ်တော်၌ မဲမခွဲမီကမူ ဝန်ကြီးချုပ် ဇိုရမ်ဇီယေ့က ယခုဆုံးဖြတ်ချက်၏ သမိုင်းတွင်လောက်သည့် အရေးပါပုံကို အလေးပေး ပြောကြားခဲ့သည်။ “ဂရိနဲ့ သဘောတူညီချက် မရရှိဘူးဆိုရင် နေတိုးအဖွဲ့ဝင် ဖြစ်လာနိုင်မှာ မဟုတ်သလို ဥရောပသမဂ္ဂ အဖွဲ့ဝင်လည်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မက်ဆီဒိုးနီးယားနိုင်ငံ၏ အမည်ကို ပြောင်းလဲလိုက်ပါက နေတိုးနှင့် ဥရောပသမဂ္ဂ အဖွဲ့များထဲသို့ ဝင်နိုင်ရန် မက်ဆီဒိုးနီးယား အစိုးရ၏ ကြိုးပမ်းမှုများအပေါ် ဗီတိုအာဏာဖြင့် ပိတ်ပင်ထားခြင်းအား ဖယ်ရှားပေးမည်ဟု ဂရိက ကတိပြုထားသည်။

ဂရိက မက်ဆီဒိုးနီးယားဆိုသော အမည်သည် ၎င်းတို့နိုင်ငံ မြောက်ပိုင်းရှိ ပြည်နယ်တစ်ခုတည်း၏ အမည်သာ ဖြစ်သင့်သည် ဟုဆိုပြီး ၁၉၉၁ ခုနှစ်တွင် ယူဂိုဆလားဗီးယားမှ ခွဲထွက်လာခဲ့သော မက်ဆီဒိုးနီးယားနိုင်ငံကို နိုင်ငံတကာ အဖွဲ့အစည်းများထဲသို့ဝင်ရန် လမ်းပိတ်ထားခဲ့သည်။ ဂရိတို့အတွက်မူ မက်ဆီဒိုးနီးယားသည် အလက်ဇန္ဒားဘုရင်၏ ရှေးဟောင်း အင်ပါယာအား အစပျိုးသည့်နေရာ ဖြစ်သည့်အတွက် နိုင်ငံ၏ ဂုဏ်ယူစရာ တစ်ခုအဖြစ် မှတ်ယူကြသည်။

အတိုက်အခံတို့ သပိတ်မှောက်ခြင်း

စက်တင်ဘာလက ကျင်းပခဲ့သည့် အငြင်းပွားဖွယ် လူထုဆန္ဒခံယူပွဲ၊ လွှတ်တော်ထဲမှ ကာလရှည်ကြာ ငြင်းခုံမှုများ အပါအဝင် မက်ဆီဒိုးနီးယား၏ လနှင့်ချီ နိုင်ငံရေး အငြင်းပွားမှုများကို ဇန်နဝါရီ ၁၁ ရက် မဲခွဲဆုံးဖြတ်မှုက အဆုံးသတ်စေခဲ့သည်။

လွှတ်တော်တွင် ငြင်းခုံဆွေးနွေးမှုများ၌ ပါဝင်ရန် ငြင်းဆန်ထားသော အတိုက်အခံ ကွန်ဆာဗေးတစ် VMRO-DPMNE ပါတီကမူ ယခုနာမည်ပြောင်းလဲမှုကို နိုင်ငံတော်သစ္စာဖောက်မှုဟု ခေါ်ဆိုကြသည်။ သို့သော် အတိုက်အခံ အမတ်အချို့က ခွဲထွက်လာကာ အာဏာရဆိုရှယ် ဒီမိုကရက်ပါတီ၊ မိတ်ဖက်ငယ်များနှင့် ပူးပေါင်းပြီး အမည်ပြောင်းလဲရေးအတွက် မဲပေးခဲ့ကြသည်။

ဂရိဝန်ကြီးချုပ် အလက်ဇီဆီပရက်စ်က မက်ဆီဒိုးနီးယား သဘောတူညီချက်သည် ဂရိနိုင်ငံ စီးပွားရေး အကျပ်အတည်း ကာလမှ လွန်မြောက်ခဲ့သည့် ဖြစ်စဉ်ပြီးလျှင် ၎င်း၏သက်တမ်းအတွင်း ဒုတိယမြောက် အကြီးမြတ်ဆုံးကိစ္စ ဖြစ်သည်ဟု ဆိုသည်။

“မြောက်မက်ဆီဒိုးနီးယား သမ္မတနိုင်ငံကို နေတိုးရဲ့ နိုင်ငံ ၃၀ မြောက် အဖွဲ့ဝင် အဖြစ်ကြိုဆိုရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု မက်ဆီဒိုးနီးယားဆိုင်ရာ အမေရိကန်သံအမတ် ဂျက်ဘိုင်လီက ပြောကြားခဲ့သည်။ ထို့အတူ နေတိုးအတွင်းရေးမှူးချုပ် ယန်းစတောတင်ဘာ့ဂ်နှင့် ဂျာမနီတို့ကလည်း မက်ဆီဒိုးနီးယား လွှတ်တော် ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။                             

Ref : AFP


READ NEXT
Cancel OK