Top News

အီလန်မက်စ်က အင်္ဂါဂြိုဟ်သို့ လွှတ်တင်မည့် ဒုံးပျံ၏ရှေ့ပြေးပုံစံဓာတ်ပုံများကို ထုတ်ပြန်
24htopnews | December 18, 2024 4:12 PM CST

 Space X ၏ အမှုဆောင်အရာရှိချုပ် အီလန်မက်စ်က တစ်ချိန်ချိန်တွင် လနှင့် အင်္ဂါဂြိုဟ်သို့ လူသားများကို သယ်ဆောင်နိုင်၍ လွှတ်တင်နိုင်မည့် Starship Hopper ဟု ခေါ်ဆိုသည့် ရှေးခေတ်ပုံ သံမဏိရောင်ထနေသော ဒုံးပျံ၏ ရှေ့ပြေးပုံစံဓာတ်ပုံများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည်။

မက်စ်သည် Starship Hopper ၏ ရှေ့ပြေးပုံစံ ဓာတ်ပုံများကို ဇန်နဝါရီ ၁၀ ရက် နှောင်းပိုင်းတွင် Twitter ၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းဒုံးပျံသည် လာမည့်သီတင်းပတ်များတွင် တက္ကဆက်၌ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းရန် အသင့်စောင့်စားနေသည်။

စမ်းသပ်ပျံသန်းမယ့် Starship ဒုံးပျံကို တက္ကဆက်မှာရှိတဲ့ Space X ဒုံးလွှတ်တင်တဲ့နေရာမှာ အပြီးသတ်တပ်ဆင်ပြီးစီးသွားပါတယ်။ ဒါက တကယ့်ဓာတ်ပုံပါ။ သရုပ်ဖော်ထားတဲ့ပုံ မဟုတ်ပါဘူး ဟု အီလန်မက်စ်က ရေးသားခဲ့သည်။

အချင်းကိုးကိုက် (ရှစ်မီတာ) ရှိသည့် ယင်းရှေ့ပြေးဒုံးပျံကို တက္ကဆက်ပင်လယ်ကွေ့ တစ်လျှောက်ရှိ Boca Chica  ဒေသတွင် ဆောက်လုပ်ခဲ့သည်။ ယင်းဒုံးပျံကို လာမည့် သီတင်းပတ်လေးပတ်နှင့် ရှစ်ပတ်အတွင်း စမ်းသပ်ပျံသန်းရန် Space X က ရည်မှန်းထားသည်ဟု မက်စ်က ပြောကြားခဲ့သည်။

ယင်းစမ်းသပ်မှုသည် 2 Grasshopper စမ်းသပ်မှုများနှင့် ဆင်တူမည်ဟု မက်စ်က ပြောကြားခဲ့သည်။

လတ်တလော ထုတ်ပြန်ခဲ့သည့် ရှေ့ပြေးပုံစံသည် ခရီးတိုပျံသန်းမှုအတွက်ဖြစ်ပြီး မြေပြင်သို့ မဆင်းသက်မီ လေထဲတွင် မိုင်များစွာ ပျံသန်းနိုင်မည်ဖြစ်သည်။

ဂြိုဟ်တုပတ်လမ်းတွင် စမ်းသပ်မည့် ရှေ့ပြေးပုံစံကို ဇွန်တွင် ထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထားသည်။ ယင်းပုံစံသည် Super Heavy ဟု သိရှိသည့် ဧရာမဒုံးပျံအဟုန်မြှင့် ဒုံးစက်နှင့် တွဲဖက်ရမည်ဖြစ်သည်။

နှစ်ခုတွဲဒုံးပျံသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် လူသားများကို ကမ္ဘာဂြိုဟ်ပေါ်ရှိ  မြို့တစ်မြို့မှ တစ်မြို့သို့ ပို့ဆောင်ပေးနိုင်မည့်အပြင် လကမ္ဘာ၊လမျက်နှာပြင်နှင့် အင်္ဂါဂြိုဟ်သို့ သွားလိုသူများကိုလည်း ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု Space X က ထုတ်ပြန်ခဲ့သည်။

Space X သည် လတ်တလောတွင် Falcon 9 ဒုံးပျံနှင့် Dragon ကုန်တင် အာကာသယာဉ်တို့ကို အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းတွင် နေထိုင်နေသည့် အာကာသယာဉ်မှူးများအတွက် ပုံမှန် ထောက်ပံ့ပေးသည့် မစ်ရှင်များကို စတင်ခဲ့ သည်။

Space X ကုမ္ပဏီသည် Dragon ကုန်တင် အာကာသယာဉ်အခန်းသစ်ကို တီထွင်နေသည်။ ယင်းအာကာသယာဉ်သည် ယခုနှစ် အကုန်တွင် လူသားများကို ဂြိုဟ်တုပတ်လမ်းစခန်းသို့ ခေါ်ဆောင်မှုကို စတင်မည် ဖြစ်သည်။


READ NEXT
Cancel OK