Top News

တောင်တရုတ်ပင်လယ်တွင် အမေရိကန်ရေငုပ်သင်္ဘောတစ်စီး ရေအောက်၌ အရာဝတ္ထုတစ်ခုနှင့် တိုက်မိခဲ့ပြီး ၁၁ ဦး ဒဏ်ရာရ
24htopnews | December 19, 2024 6:12 AM CST

အမေရိကန် အဏုမြူစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသည် တောင်တရုတ်ပင်လယ်ထဲတွင် အမျိုးအမည်မသိရေအောက် အရာဝတ္ထုတစ်ခုနှင့် တိုက်မိခဲ့ပြီးနောက် သင်္ဘောသားတစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်ဟု USNI သတင်းဌာနက ဖော်ပြခဲ့သည်။

Seawolf-class အဏုမြူစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော USS Connecticut (SSN-22) သည် အောက်တိုဘာ ၂ ရက်က နိုင်ငံတကာရေပိုင်နက်အတွင်း တာဝန်ထမ်းဆောင်နေစဉ် ရေအောက်၌ အရာဝတ္ထုတစ်ခုနှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး U.S. 7th Fleet တွင်ရှိသော ဆိပ်ကမ်းကိုပြန်လာနေပြီ ဖြစ်ကြောင်း အမေရိကန်ပစိဖိတ် ရေတပ်သင်္ဘောအုပ်စု ပြောရေးဆိုခွင့်ရသူက အောက်တိုဘာ ၇ ရက်တွင် USNI သတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။

“Seawolf-class အဏုမြူစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော USS Connecticut (SSN-22) ဟာ အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းက အင်ဒို-ပစိဖိတ်ဒေသက နိုင်ငံတကာ ရေပိုင်နက်မှာ တာဝန်ထမ်းဆောင်နေချိန် ရေအောက်ကိုငုပ်တဲ့အခါ အရာဝတ္ထုတစ်ခုနဲ့ တိုက်မိခဲ့ပါတယ်။ အမှုထမ်းတွေ ဘေးကင်းရေးဟာ အမေရိကန် ရေတပ်ရဲ့ ဦးစားပေးကိစ္စအဖြစ် ရှိနေပါတယ် အသက်အန္တရာယ်ဖြစ်လောက်တဲ့ ဒဏ်ရာတွေရတာမျိုး မရှိပါဘူး။” ဟု ကပ္ပတိန် ဘီလ်ကလင်တန်က USNI သတင်းဌာနကို ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောသည် ဘေးအန္တရာယ်ကင်းရှင်း၍ တည်ငြိမ်သော အခြေအနေတွင် ရှိနေကြောင်း၊ USS Connecticut (SSN-22) ရေငုပ်သင်္ဘော အဏုမြူတွန်းကန်စက်နှင့် ၎င်းစက်ကိုထားသည့်နေရာတို့ ထိခိုက်ခဲ့ခြင်းမရှိသဖြင့် အပြည့်အဝ အလုပ်လုပ်နိုင်နေကြောင်း၊ ရေငုပ်သင်္ဘော၏ ကျန်သောနေရာများတွင် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို စစ်ဆေးနေကြောင်း၊အကူအညီပေးရန် အမေရိကန်ရေတပ်က တောင်းခံလာခြင်းမရှိကြောင်း၊ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

သင်္ဘောသား ၁၁ ဦးခန့်သည် အသင့်အတင့်ဒဏ်ရာနှင့် အသေးအဖွဲဒဏ်ရာတို့ ရရှိခဲ့ကြသည်ဟု ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက USNI သတင်းဌာနကို ပြောကြားခဲ့သည်။ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသည် ယခုအခါဂူအမ်သို့ ဦးတည်သွားနေပြီး နောက်တစ်နေ့တွင် ဆိုက်ကပ်မည်ဟု မျှော်လင့်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

ရေအောက်တွင် တိုက်မိမှုသည် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသည် အောက်တိုဘာ ၂ ရက်ကတည်းက ဂူအမ်သို့ ရေပေါ်မှ ခုတ်မောင်းသွားနေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

USS Connecticut (SSN-22) သည် Seawolf-class အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောသုံးစင်းထဲက တစ်စင်းဖြစ်ပြီး ပစိဖိတ်တာဝန်အတွက် မေလ ၂၇ ရက်တွင် အသုံးပြုနေသော ရေငုပ်သင်္ဘောဖြစ်သည်။ USS Connecticut သည် ရေနက်ပိုင်းတွင် ခေတ်မီဆိုဗီယက်ရေငုပ်သင်္ဘောများကို ခြောက်လှန့်ရန် ဒီဇိုင်းထုတ်ထားသော စစ်အေးခေတ်နှောင်းပိုင်း တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဖြစ်သည်။

USS Sea Wolf (SSN-21) ၊ USS Jimmy Carter (SSN-23) ရေငုပ်သင်္ဘောတို့နှင့် အတူ USS Connecticut (SSN-22) သည် အမေရိကန်ရေတပ်၏ စွမ်းဆောင်ရည်အရှိဆုံးနှင့် ထိရောက်မှုအရှိဆုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ ဖြစ်သည်။၂၀၀၅ ခုနှစ်တွင် အမေရိကန် ရေငုပ်သင်္ဘော ယခုကဲ့သို့တိုက်မိမှု ဖြစ်ပွားခဲ့သေးသည်။      


READ NEXT
Cancel OK