Top News

အာဖရိက ဆာဟယ်ဒေသပူးတွဲတပ်ဖွဲ့ ဖွဲ့စည်းရေးအတွက် နေတိုးက နည်းလမ်းများကိုလေ့လာနေဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ပြောကြား
24htopnews | December 19, 2024 6:12 AM CST

ဂျီဟတ်အကြမ်းဖက်မှုများ မြင့်တက်လာမှုကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရာနေရာဖြစ်သော မာလီ၊နိုက်ဂျာနှင့် ဘာကီနာဖာဆိုတို့၏ ပဋိပက္ခဖြစ်ပွားနေသော နယ်စပ်ဒေသများတွင် နိုင်ငံစုံပါဝင်သော G5 Sahel တပ်ဖွဲ့ ဖွဲ့စည်းရေးအတွက် ထောက်ခံမှုကို အထောက်အပံ့ပြုစေရန် နေတိုးကနည်းလမ်းများကို လေ့လာနေသည်ဟု အောက်တိုဘာ ၇ ရက်တွင် AFP သတင်းဌာနက တွေ့မြင်ခဲ့ရသော ပေးစာတစ်စောင်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားထားသည်။

နေတိုးသည် ၎င်း၏ထောက်ပံံ့ရေးနှင့် ပစ္စည်းဝယ်ယူရေး အေဂျင်စီမှတစ်ဆင့် ယင်းသို့သော ထောက်ပံ့မှုကို သက်တမ်းတိုးနိုင်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီထံပေးပို့သော ပေးစာတွင် ဖော်ပြထားသည်။

G5 Sahel တပ်ဖွဲ့ ဖွဲ့စည်းရေးအတွက် ကုလသမဂ္ဂထောက်ပံ့ရေးရုံးကို တည်ထောင်ရန် လိုအပ်ပုံကို မိမိနားလည်ကြောင်း ဂူတာရက်စ်က ဖော်ပြခဲ့ပြီး အဆိုပါ G5 Sahel တပ်ဖွဲ့ကို ကုလသမဂ္ဂရန်ပုံငွေများမှတစ်ဆင့် ထောက်ပံ့ပေးမည်ဖြစ်ကာ တပ်ဖွဲ့တွင် မာလီ၊ မော်ရီတေးနီးယား၊ နိုက်ဂျာ၊ချဒ်နှင့် ဘာကီနာဖာဆိုတို့မှ စစ်သား ၅၀၀၀ ဝန်းကျင် ပါဝင်မည်ဟု ဂူတာရက်စ်က ဆိုသည်။

ထိုနည်းလမ်းသည် ပူးတွဲတပ်ဖွဲ့ကို ခံနိုင်ရည်ရှိ၍ ခန့်မှန်းနိုင်သော ထောက်ပံ့မှုပေးရေးအတွက် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

သို့ရာတွင် ကုလသမဂ္ဂကို ဘဏ္ဍာရေးထောက်ပံ့မှု အများဆုံးပေးထားသော အမေရိကန်ပြည်ထောင်စုက အဆိုပါအစီအစဉ်ကို လက်ရှိအချိန်အထိ ပယ်ချထားသော်လည်း ပြင်သစ်အပါအဝင် အာဖရိကနိုင်ငံတချို့က ထောက်ခံထားသည်။

မိမိနိုင်ငံသည် ကုလသမဂ္ဂ၏ ဘက်မလိုက်ဘဲ ကြားနေမှုကို အကာအကွယ်ပေးရေးအတွက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကြိုးပမ်းမှုများနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကြိုးပမ်းမှုများကို ရှင်းရှင်းလင်းလင်း ခွဲခြားထားလိုသည်ဟု ဇွန်လတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ဒုတိယသံအမတ် ဂျက်ဖရေး ဒီလော်ရန်းတစ်က ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် ကုလသမဂ္ဂ ပါဝင်ပတ်သက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရေးဆိုသည်ထက် Sahel ဒေသတွင်း နိုင်ငံများအား တိုက်ရိုက်အကူအညီပေးခြင်းကို ဦးစားပေးသည်ဟု ပြောဆိုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။

“ဆက်လက်ရှိနေတဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း G5 Sahel Joint Force ဖန်တီးရေးဟာ နိိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ပံ့မှုနဲ့ ထိုက်တန်တဲ့ ဆာဟယ်အမာခံ ငါးနိုင်ငံရဲ့ ပြင်းထန်တဲ့နိုင်ငံရေး သရုပ်သကန် ဖြစ်ပါတယ်” ဟု ဂူတာရက်စ်က ဆိုသည်။

“ပါဝင်ဆွေးနွေးသူအားလုံးဟာ နိုင်ငံတကာထောက်ပံ့မှုကို အာမခံနိုင်တဲ့ ထူးခြားတဲ့အစီအစဉ် တစ်ရပ်အနေနဲ့ G5 Sahel Joint Force ကို ခိုင်ခိုင်မာမာ ထောက်ခံရေးအတွက် မီးမောင်းထိုးပြနေကြပေမယ့်လည်း အဲ့ဒီအစီအစဉ်ကို အကောင်းဆုံး ဘယ်လိုထောက်ပံ့မလဲဆိုတဲ့ကိစ္စကို နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှာ သဘောထား အမြင်တူတာမျိုး မရှိသေးပါဘူး။” ဟု ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီကို လတ်တလော ဦးဆောင်ထားသော ကင်ညာသည် လုံခြုံရေးအခြေအနေကို လေ့လာရန် ယခုလကုန်ပိုင်းတွင် မာလီနှင့် နိုက်ဂျာသို့ ကိုယ်စားလှယ်များ စေလွှတ်ရန် စီစဉ်နေသည်။      


READ NEXT
Cancel OK