Top News

ဗြိတိန်က နိုင်ငံနှင့် နယ်မြေ ၄၇ ခုတို့ကို ကိုရိုနာဗိုင်းရပ်စ် ခရီးသွားလာခွင့် ပိတ်ထားသော အနီရောင်စာရင်းမှ ပယ်ဖျက်
24htopnews | December 19, 2024 6:12 AM CST

ဗြိတိန်အစိုးရသည် အောက်တိုဘာ ၇ ရက်တွင် နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ခရီးသွားလာမှု ကန့်သတ်ချက် “အနီရောင်စာရင်း” ကို သိသိသာလျှော့ချလိုက်သည်ဟု ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံ ၄၇ နိုင်ငံမှ အင်္ဂလန်ကိုလာသော နိုင်ငံခြားသားများကို ပိတ်ပင်ထားမှုအား ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၁ ရက် GMT သုံးနာရီတွင် စတင်သက်ရောက်မည့် စည်းကမ်းချက်အသစ်အရ ကိုလံဘီယာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ဟေတီ၊ပီရူးနှင့်ပနားမားတို့သာ ပိတ်ပင်စာရင်းတွင် ဆက်လက်ရှိနေကြမည်ဖြစ်သည်။

ဘရာဇီး၊ မက္ကဆီကို၊ တောင်အာဖရိကတို့ အပါအဝင် နိုင်ငံနှင့်နယ်မြေ ၄၇ ခုကို အနီရောင်စာရင်းမှ ဖယ်ရှားလိုက်ခြင်းကြောင့် ထိုနေရာများမှလာသော ခရီးသွားများသည် ဟိုတယ်ကွာရင်တင်းဝင်ရန် လိုအပ်တော့မည် မဟုတ်ပေ။

ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေးထိုးနှံမှု မြင့်တက်လာသောကြောင့် ယခုကဲ့သို့လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ဗြိတိန်သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှပ်စ်က ပြောကြားခဲ့သည်။

အိန္ဒိယနှင့်တူရကီတို့အပါအဝင် နောက်ထပ်နိုင်ငံနှင့် နယ်မြေ ၃၇ ခုမှ ဆိုက်ရောက်လာသော ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသည့် ခရီးသွားများကိုလည်း သက်တမ်းတိုးပေးခဲ့သည်ဟု ဗြိတိန်အစိုးရက ကြေညာခဲ့သည်။

စည်းကမ်းချက်အသစ်ကြောင့်  အဆိုပါနေရာ ၃၇ ခုမှ အင်္ဂလန်သို့ ဝင်ရောက်လာသော ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသူများမှာ ကွာရန်တင်းဝင်ခြင်း၊ မထွက်ခွာခင် စစ်ဆေးမှုခံယူရခြင်းနှင့် ဆိုက်ရောက်ပြီး ရှစ်ရက်အကြာတွင် ဆေးစစ်မှုခံယူရခြင်းတို့ ကင်းလွတ်မည် ဖြစ်သည်။

ဗြိတိန်နိုင်ငံသားများ၊ အိုင်ယာလန် နိုင်ငံသားများနှင့် ယူကေတွင် နေထိုင်နေကြသူများကို အနီရောင်စာရင်းဝင် နိုင်ငံများမှ ခရီးသွားခွင့်ပြုထားသည်ဆိုသော်လည်း ၎င်းတို့သည် ဆိုက်ရောက်ချိန်တွင် ဟိုတယ်ကွာရန်တင်း ၁၀ ရက် ဝင်ရမည် ဖြစ်သည်။

လန်ဒန်ရှိ ဗြိတိန်အစိုးရသည် ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးမူဝါဒတို့ကို အင်္ဂလန်အတွက်သာ ချမှတ်ထားခြင်း ဖြစ်သည်။

စကော့တလန်၊ဝေးလ်နှင့် မြောက်အိုင်ယာလန်တို့ရှိ ကိုယ်စားပြုပါလီမန်တို့သည် ကိုရိုနာဗိုင်းရပ်စ်မူဝါဒများကို မိမိတို့ဒေသများအတွက် ချမှတ်ကြသည်။

၎င်းတို့သည် အင်္ဂလန်အတွက် ယခင်စည်းကမ်း အပြောင်းအလဲများကို အဓိကအားဖြင့် လိုက်နာကြသည်။

ဗြိိတိန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် စည်းကမ်းချက် အပြောင်းအလဲများကို ဗြိတိန်စီးပွားရေးလုပ်ငန်းများက ကြိုဆိုခဲ့ကြသည်။

အနီရောင်စာရင်းမှ ပယ်ဖျက်ပေးလိုက်သော နိုင်ငံများထဲတွင် အရှေ့တောင်အာရှမှ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ ပါဝင်နေပြီး အာဖရိကမှ ဇင်ဘာဘွေ၊ ဇမ်ဘီယာ၊ ယူဂန္ဓာ၊ ဆူဒန်၊ တောင်အာဖရိက၊ ဆီယာလီယွန်၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ မာလဝီ၊ ဒီအာကွန်ဂို၊ တူူနီးရှား၊ တန်ဇန်းနီးယား၊ ဘူရွန်ဒီ၊ ဘော့ဆွာနာ၊ ကိတ်ဗာဒီတို့ အသီးသီးပါဝင်နေပြီး အာဖဂန်နစ္စတန်ကိုလည်း အနီရောင်စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ 

ဗြိတိန်တွင် အောက်တိုဘာ ၇ ရက်ကနေ့ အလိုက်ကူးစက်ခံရသူ ၄၀,၇၀၁ ဦးရှိသည့်အတွက် ကူးစက်ခံရသူပေါင်း ၈.၀၅ သန်းအထိ မြင့်တက်ခဲ့ပြီး ယင်းနေ့တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၂ ဦး ရှိသောကြောင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၃၇,၀၀၀ ရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK